The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မွန်ပြည်နယ်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည့်သတင်း

 ၂၀၁၈ ခုနှစ်၊ ဇွန်လ (    ) ရက်

              လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ် ၊ ဇွန်လ ၃  ရက်နေ့၊ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စွပ္ပနူးကျေးရွာအနီးမှ ဝေါမြို့ နယ်၊ ရှမ်းကိုင်းကျေးရွာအနီးသို့ တူးဖောက်ဆောင်ရွက်လျက်ရှိသည့် စစ်တောင်းမြစ်ဖြတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတူးဖောက်ဆက်သွယ်ခြင်း လုပ်ငန်းစီမံကိန်းသို့ ရောက်ရှိရာ စီမံကိန်းမှ တာဝန်ရှိသူများက Horizontal Directional Drilling (HDD) နည်းဖြင့် စစ်တောင်းမြစ်ဖြတ် အရှည် ၅၉၀၀ ပေ၊ သဘာဝဓာတ်ငွေ့ (၂၀) လက်မ ပိုက်လိုင်း တူးဖောက်ဆက်သွယ်သည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးပြီး လုပ်ငန်း လိုအပ်ချက်များ မှာကြား၍ စီမံကိန်းလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

              အဆိုပါ စစ်တောင်းမြစ်ဖြတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ယခင်က အချင်း ၁၂ လက်မ အရွယ်အစားဖြစ်ပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ရေတိုက်စားမှုဒဏ်ခံနေရ ခြင်းအား အစားထိုးရန် ယခု ၂၀ လက်မမြစ်ဖြတ် ပိုက်လိုင်းသွယ်တန်းခြင်းဖြစ်ပြီး ရန်ကုန်မြို့သို့ သဘာဝဓာတ်ငွေ့ အပြည့်အဝပေးပို့သွားနိုင်မည်ဖြစ်ပါသည်။ ထားဝယ် မြို့နယ်၊  ကန်ပေါက်ဒေသမှ ရန်ကုန်မြို့သို့ သဘာဝဓာတ်ငွေ့ပေးပို့လျက်ရှိသော အချင်း ၂၀ လက်မရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ အစိတ်အပိုင်းဖြစ်သော စစ်တောင်းမြစ်ဖြတ် အချင်း ၂၀ လက်မ ပိုက်လိုင်းသွယ်တန်းရန်အတွက် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ကြီးကြပ်မှုဖြင့် Mersing Co.,Ltd. မှ Horizontal Directional Drilling (HDD) လုပ်ငန်းအား ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြစ်ကြမ်းပြင်အောက် ပျမ်းမျှအနက်ပေ ၅၄ ပေမှ တူးဖောက်ဆက်သွယ်ခဲ့ပြီး ပိုက်လိုင်းအရှည် ၅၉၂၀ ပေ ပိုက်ဆွဲသွင်းခြင်း လုပ်ငန်းအား ၂၈-၅-၂၀၁၈ ရက်နေ့တွင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီး အဆိုပါ မြစ်ဖြတ်ပိုက်လိုင်းသည် ရန်ကုန်မြို့သို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေသော သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံများသို့ သဘာဝဓာတ်ငွေ့ ပြတ်တောက်ခြင်းမရှိပဲ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရန်အတွက် သွယ်တန်းဖောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

              ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အတွင်းရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ၂၃၀ ကေဗွီ စစ်တောင်း ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးမှ ဓာတ်အားခွဲရုံဆိုင်ရာ အချက် အလက်များ၊ ထရန်စဖော်မာများတပ်ဆင်ထားမှု၊ ဓာတ်အားဖြန့်ဖြူးပေးထားမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအားလည်းကောင်း၊ မွန်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာမှ ကျိုက်ထိုမြို့နယ်အတွင်း ဓာတ်အားစနစ် ကောင်မွန်စေရေး အတွက်ဆောင်ရွက်မည့်အစီအမံများနှင့်တိုးချဲ့ဓာတ်အားသုံးစွဲလာမည့် ဒေသဖွံဖြိုးရေး လုပ်ငန်းအခြေအနေများအား   ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မှ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်း လိုအပ်ချက်များ မှာကြားပြီး ဓာတ်အားခွဲရုံ ထိန်းချုပ်ခန်းအတွင်း ဓာတ်အား ဖြန့်ဖြူးပေး ထားမှုအခြေအနေ နှင့် Switchyard အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်း ရေး၊ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာဖြန့်ဖြူးနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေး အထူးဂရုပြုဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ ပါသည်။

Post under by : ဝန်ကြီးရုံး
03-Jun-2018