နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း တွင် အသုံးပြုမည့် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သောကုမ္ပဏီများနှင့် ပစ္စည်း ဝယ်ယူရေးစာချုပ်၊ အကြံပေးဝန်ဆောင်မှုစာချုပ်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ ၁၄:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဥက္ကဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက် ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၃၀ ပြည့်နှစ် တွင် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသအားလုံး လျှပ်စစ်ဓာတ်အားရရှိရန် ရည်းမှန်းချက် ဖြင့် National Electrification Plan (NEP) ကို ပြုစုရေးဆွဲ ဆောင်ရွက်လျက်ရှိရာ စီမံချက်ပါအတိုင်း လျှပ်စစ်မီးမရရှိသေးသည့်ဒေသများကို လျှပ်စစ်ဓာတ်အား ဆက်သွယ် ပေးရန် Medium & Low Voltage လိုင်းနှင့် ထရန်စဖော်မာ/ခွဲရုံများ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ (၅.၈) ဘီလီယံခန့် လိုအပ်မည်ဖြစ်ကြောင်း၊ ဒီလိုဆောင်ရွက်နိုင်ရန် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ NEP ကို လက်တွေ့ အကောင်အထည်ဖော်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လိုအပ်သည့် Medium & Low Voltage လိုင်းနှင့် ထရန်စဖော်မာ/ခွဲရုံများ တည်ဆောက်မှုအတွက် ကမ္ဘာ့ဘဏ်က ချေးငွေ အမေရိကန်ဒေါ်လာသန်း (၃၁၀) နှင့် လက်ရှိ ဓာတ်အားစနစ် ရောက်ရှိပြီးနေရာမှ (၂)မိုင် အတွင်း ကျေးရွာပေါင်း (၅,၀၈၀) ရွာကို ပထမအဆင့်၊ (၅) မိုင်အတွင်း ကျေးရွာပေါင်း (၇,၆၃၉) ရွာကို ဒုတိယအဆင့် ဆက်သွယ်တည်ဆောက်ရန် စီစဉ်ထားရှိပါကြောင်း၊ ဖွံဖြိုးမှုချေးငွေများရယူပြီး စီမံကိန်းအကောင်အထည်ဖော်ရာတွင် ချေးငွေပေးအပ်သည့် အဖွဲ့အစည်း၊ နိုင်ငံတို့၏ Procurement Guideline နှင့် Procedure များကို သိရှိ နားလည်ရန်လိုအပ်ခြင်း၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရခြင်းတို့ကြောင့် အဆင့်အလိုက် အချိန်ပေး၍ ဆောင်ရွက်ခဲ့ရ ပါကြောင်း၊ ချေးငွေစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် ၃-၁၁-၂၀၁၅ ရက်နေ့မှ ယနေ့အထိ ထရန်စဖော်မာ (၅,၃၈၉) လုံးအတွက် စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ (၁၅.၄၄၄) သန်း အား လည်းကောင်း၊ ကွန်ကရိတိုင် (၄၈,၃၉၉) တိုင်အတွက် စာချုပ်တန်ဖိုး မြန်မာ ကျပ်ငွေ (၆,၈၀၁) သန်းကိုလည်းကောင်း၊ Steel Poles (၁၁,၄၈၄) တိုင်အတွက် စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ (၄.၂၀၄) သန်းကို လည်းကောင်း၊ ACSR Conductors (၁၀,၄၄၉) တန်အတွက် စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ (၂၁.၁၇၉) သန်းကိုလည်းကောင်း အသီးသီးလက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါကြောင်းနှင့် ယနေ့တွင် Insulators and Related Fittings (၇၉၈,၆၇၅) စုံအတွက် စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ (၆.၁၉၅) သန်းကို လည်းကောင်း၊ Transformer and Line Accessories အတွက် စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ (၁၈.၈၁၀) သန်းကို လည်းကောင်း၊ Steel Parts and Accessories အတွက် စာချုပ်တန်ဖိုး အမေရိကန် ဒေါ်လာ (၁၅.၁၁၄) သန်းကို လည်းကောင်း၊ ကွန်ကရိတိုင် (၄၃,၄၅၈) တိုင်အတွက် စာချုပ်တန်ဖိုး မြန်မာကျပ်ငွေ (၆,၁၈၂)သန်းကို လည်းကောင်း၊ အကြံပေး ဝန်ဆောင်မှုငှားရမ်းခြင်းလုပ်ငန်းအတွက် စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ (၃.၈၅၉) သန်းနှင့် မြန်မာကျပ်ငွေ(၂,၀၃၅)သန်းကို လည်းကောင်း စာချုပ်များ အသီးသီး လက်မှတ်ရေးထိုးမည်ဖြစ်သည့်အတွက် စုစုပေါင်းစာချုပ် (၁၉) ခု တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၅၀.၀၃၆) သန်းအတွက် စာချုပ်များ လက်မှတ် ရေးထိုးချုပ်ဆိုမည် ဖြစ်ပါကြောင်း၊ NEP စီမံကိန်း ပထမအဆင့်အတွက် ပစ္စည်းများ စုံလင်စွာ အချိန်မီ ရောက်ရှိမှသာလျှင် တည်ဆောက်ရေးလုပ်ငန်းများကိုလည်း သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် မိမိတို့ချုပ်ဆိုမည့် စာချုပ်ပါ Terms and Condition များနှင့်အညီ သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီသော ပစ္စည်းများ ပေးသွင်းရေးကိုလည်းကောင်း၊ ထိရောက်သော အကြံပေး ဝန်ဆောင်မှုများ ပေးခြင်းကိုလည်းကောင်း ကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ ပါသည်။
ထို့နောက် အကြံပေးဝန်ဆောင်မှုစာချုပ် (၁)ခုနှင့် ပစ္စည်းဝယ်ယူရေးစာချုပ် (၁၈) ခု လက်မှတ်ရေးထိုးခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အထွေထွေမန်နေဂျာ ဦးမြင့်သူ၊ မန္တလေးလျှပ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တအမှုဆောင်အရာရှိချုပ် ဦးကျော်သူတို့နှင့် တင်ဒါအောင်မြင်သော ကုမ္ပဏီအသီးသီးမှ တာဝန်ရှိသူတို့မှ စာချုပ်များအား အသီးသီးလက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
ယခုကဲ့သို့ လက်မှတ်ရေးထိုးဆောင်ရွက်ခြင်းအားဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုရှိ ကျေးရွာပေါင်း (၅,၀၈၀) ရွာ၊ မီးသုံးစွဲသူအိမ်ထောင်စုပေါင်း (၆၂၆,၇၅၈) တို့အား လျှပ်စစ်ဓာတ်အားရရှိရေး တိုးချဲ့ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။