The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဂရိတ်ဟော်ခမ်းအများပိုင်ကုမ္ပဏီလီမိတက်တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပသည့်သတင်း

        

      နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ () ရက်

              လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ဂရိတ်ဟော်ခမ်းအများပိုင် ကုမ္ပဏီလီမိတက် တို့အကြား  လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့ ညနေ(၀၆:၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

              အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ၊ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ အမျိုးသားလွှတ်တော်ဆောက်လုပ်ရေး ၊စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်၊  အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက် မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုင်းအုန်းမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

              ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် နမ့်ပေါ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိ မည့် လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း နှင့် ဂရိတ်ဟော်ခမ်းအများပိုင်ကုမ္ပဏီလီမိတက် တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စုစုပေါင်း စက်တပ်ဆင် အင်အားမှာ ၅၄၅၈ မဂ္ဂါဝပ် ရှိပြီး နွေရာသီရေနည်းကာလတွင် ၃၃၀၀ မဂ္ဂါဝပ် ဝန်းကျင်ခန့်သာ ထုတ်လုပ်ပေးနိုင်သည့်အတွက် Demand Forecast ကို လျင်မြန်စွာ ဖြည့်ဆည်းပေးနိုင်ရေး LNG စီမံကိန်း ၃ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများဖြင့် ဓာတ်အားကွန်ယက် စနစ် ချိတ်ဆက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လျှပ်စစ် ဓာတ်အားတိုးတက်ရရှိရေးအတွက် အရင်းအမြစ်မျိုးစုံသုံး၍ ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကိုလည်း အားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက ဒေသတွင်းလိုအပ်ချက်ရှိနေသော လျှပ်စစ်ဓာတ်အားကို ပိုမိုဖြည့်ဆည်းပေးနိုင်ခြင်း၊ ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို မူဆယ်မြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ အိမ်ထောင်စုပေါင်း ၄၀၀၀၀ ခန့်သို့ ဖြန့်ဖြူးပေးနိုင် မည်ဖြစ်ကြောင်း၊ စီမံကိန်းတည်ဆောက်ရေးကာလတွင် ဒေသနေပြည်သူ ၅၀၀ ခန့်နှင့် စီမံကိန်းပြီးစီး၍ ဓာတ်အားပေးစက် လည်ပတ်မည့်ကာလတွင် ဒေသနေ အင်ဂျင်နီယာ        ၃၀ ဦးခန့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမည်ဖြစ်ပါကြောင်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်မှု အစီအစဉ်နှင့် လူမှုရပ်ရွာ အကျိုးပြုမှုအစီအစဉ်အဖြစ် CSR လုပ်ငန်းအတွက် နှစ်စဉ် အသားတင်အမြတ်ငွေ၏ ၁%ကို အသုံးပြုမည်ဖြစ်၍ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူ ဖြစ်စေမည့်အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဂရိတ်ဟော်ခမ်းအများပိုင် ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုင်းအုန်းမြင့် မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

              ထို့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် ဂရိတ်ဟော်ခမ်းအများပိုင်ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုင်းအုန်းမြင့် တို့က နမ့်ပေါ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူရေး သဘောတူစာချုပ်များအား လက်မှတ်ရေးထိုး၍ အပြန်အလှန် လဲလှယ်ခဲ့ ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

              နမ့်ပေါ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၏ တောင်ဘက် (၆) မိုင် ခန့်အကွာ နမ့်ပေါ်ချောင်းပေါ်တွင်တည်ရှိပြီး Build, Operate and Transfer (B.O.T)  စနစ်ဖြင့် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင် ဖြစ်သော ဂရိတ်ဟော်ခမ်းအများပိုင်ကုမ္ပဏီလီမိတက်မှ ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် စတင် အကောင်အထည်ဖော်တည်ဆောက်ခဲ့ရာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြီးစီးမည့် စီမံကိန်း တစ်ခုဖြစ်ပါကြောင်း၊ စက်ရုံ၏ စက်တပ်ဆင်အင်အားမှာ ၂၀ မဂ္ဂါဝပ်ဖြစ်ပြီး၊ ဒီဇိုင်းအရ နှစ်စဉ်ထုတ်လုပ်နိုင်မှု ပမာဏမှာ ၈၃.၃၂ ကီလိုဝပ်နာရီသန်းပေါင်း ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
05-Jul-2018