၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၈) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း အေးသာယာမြို့ရှိ ၆၆/၃၃/၁၁ ကေဗွီ အောင်သပြေ ဓာတ်အားခွဲရုံနှင့် အောင်ပန်းမြို့ရှိ ၆၆/၃၃ ကေဗွီ ဓာတ်အားခွဲရုံများသို့ရောက်ရှိပြီး ဓာတ်အား ထိန်းချုပ်ခန်းအတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် Switchyard အတွင်းရှိ ထရန်စဖော်မာ များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာဖြင့် လျှပ်စစ် အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ ဗို့အားစနစ်တည်ငြိမ်မှုရှိစေရေးနှင့် လျှပ်စစ်ဓာတ်အား လေလွင့်ပျောက်ဆုံးမှု မရှိစေရေးတို့အတွက် အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပင်လောင်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ် လုပ်ရေးလုပ်ငန်း၊ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး စက်ရုံမှူးမှ ဓာတ်အားပေးစက်ရုံဆိုင်ရာအချက်အလက်များ၊ နှစ်အလိုက်ဓာတ်အားထုတ်လုပ် မှုနှင့် ဓာတ်အားဖြန့်ဖြူးမှု၊ စက်ရုံအနီးရှိပတ်ဝန်းကျင်ကျေးရွာများ ဖွံ့ဖြိုးရေးအတွက် လူမှုရေး တာဝန်သိမှု (CSR) လုပ်ငန်းများဆောင်ရွက်ပေးခဲ့မှုနှင့် EIA, SIA လုပ်ငန်းများဆောင်ရွက် နေမှုအခြေအနေတို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး အလေးထား ဆောင်ရွက်ရန်နှင့် ဓာတ်အားပေးစက်များ စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မှာကြားပြီး ဓာတ်အားပေး စက်ရုံအတွင်းရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေး စက်များမောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေး နေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။