The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ချီဖွေငယ် ရေအားလျှပ်စစ် ကုမ္ပဏီလီမိတက်တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပသည့်သတင်း

နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ချီဖွေငယ် ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့၊ ညနေ ၀၆:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး H.E Mr. Hong Liang၊ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစောမိုးမြင့်၊ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ချီဖွေငယ်ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်၏ Chairman Mr. Li Jianwei နှင့် အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအခမ်းအနားသည် ချီဖွေငယ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အားများ ဝယ်ယူနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူ စာချုပ်အား လက်မှတ်ရေးထိုးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် အရင်းအမြစ်မျိုးစုံသုံး၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကိုလည်း အားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခု ချီဖွေငယ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ကချင်ပြည်နယ်နှင့် ဒေသနေပြည်သူ များ၏ အလုပ်အကိုင်ရရှိရေး၊ စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုလျက်ရှိပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်မှုအစီအစဉ်နှင့် လူမှုရပ်ရွာ အကျိုးပြု အစီအစဉ်အဖြစ် CSR လုပ်ငန်းအတွက် နှစ်စဉ် အသားတင် အမြတ်ငွေ(၁)ရာခိုင်နှုန်းကို အသုံးပြုလျက်ရှိပြီး ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိပါကြောင်း ပြောကြားခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ချီဖွေငယ်ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်၏ Chairman Mr. Li Jianwei တို့မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

          ထို့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် ချီဖွေငယ်ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်၏ Managing Director Mr. Zhao Laipu တို့က လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်အား လက်မှတ် ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

          ချီဖွေငယ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ကချင်ပြည်နယ်၊ ချီဖွေမြို့၊ ချီဖွေချောင်းပေါ်တွင်တည်ရှိပြီး Joint Venture (JV) စနစ်ဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော State Power Investment Co., Ltd. မှ ၂၀၀၈ ခုနှစ်တွင် စတင် တည်ဆောက်၍ ၂၀၁၁ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ထွက်ရှိသောဓာတ်အားများကို ၁၃၂ ကေဗွီ ဝိုင်းမော်ပင်မဓာတ်အားခွဲရုံမှတဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍လည်းကောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ချီဖွေမြို့နှင့် ပတ်ဝန်းကျင်ဒေသရှိ ကျေးရွာများသို့ လည်းကောင်း လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးလျက်ရှိပါသည်။ စက်တပ်ဆင် အင်အားမှာ ၉၉ မဂ္ဂါဝပ်ဖြစ်ပြီး ဒီဇိုင်းအရ နှစ်စဉ်ထုတ်လုပ်နိုင်မှုပမာဏမှာ ကီလိုဝပ် နာရီသန်းပေါင်း ၅၉၉ ထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အားပေးစက်ရုံတစ်ရုံဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
13-Jul-2018