၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ဥက္ကဋ္ဌ၊ ဦးစီးဌာနနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်း ဒေသကြီး၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးသည် မိမိတို့ဝန်ကြီးဌာနအတွက် အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်းအရ အိမ်ထောင်စုပေါင်း (၁၀) သန်းကျော်တွင် လျှပ်စစ်မီးအသုံးပြုနေသည့် အိမ်ထောင်စုပေါင်း (၄) သန်းကျော်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးသည် (၁.၃) သန်းခန့် အသုံးပြုလျက်ရှိသည့်အတွက် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးကို အလေးပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝပြီး ဝန်ဆောင်မှုကောင်းသည့် လျှပ်စစ်ဓာတ်အားများဖြန့်ဖြူးပေးရန် လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားကို ပြည်သူလူထု၊ စက်မှုလုပ်ငန်းရှင်၊ စက်မှုဇုန်၊ စီးပွားရေးလုပ်ငန်းစသည့် ကဏ္ဍတိုင်းတွင် သုံးစွဲနိုင်ရန်နှင့် စျေးကွက်တစ်ခုအနေဖြင့် ရှုမြင်ပြီး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ လျှပ်စစ်ကို
ပြည်သူလူထုလိုချင်သည့် အချိန်၊ လိုချင်သည့်နေရာ၊ လိုချင်သလောက်ဓာတ်အားကို သင့်လျော်သော စျေးနှုန်းတစ်ခုဖြင့် ပေးနိုင်သည့် ဝန်ဆောင်မှုကောင်းသည့် အဖွဲ့အစည်းမျိုးဖြစ်ရေး ပြောင်းလဲဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ World Bank ၏ Doing Bussiness တိုင်းတာချက်များတွင်လည်း လူတစ်ဦးချင်း၏ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိမှုသည် အရေးပါသည့်အလျှောက် ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင်လည်း အဆိုပါ Index မှာ အရေးကြီးသည့်အတွက် မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် တာဝန်ယူမှု တာဝန်ခံမှုအပြည့်နှင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယခုအခါ လိုအပ်ချက်များအပေါ် တွေ့မြင်နေပြီဖြစ်သည့်အတွက် ၎င်းအားနည်းချက်များအား အခြေခံပြီး ပြုပြင်နိုင်ရန်အတွက် ရည်မှန်းချက်ထားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့ ပါသည်။
၎င်းနောက် အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးမှ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ လက်ရှိလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှုများနှင့်ပတ်သက်၍ ဖြစ်ပေါ်နေမှု အခြေအနေများအပေါ် သုံးသပ်တင်ပြခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်များ၏ ခရိုင်လျှပ်စစ်မန်နေဂျာများမှ မိမိတို့ခရိုင်အလိုက် မီးသုံးစွဲသူဦးရေ၊ ဓာတ်အားခနှုန်းထား ကောက်ခံမှုအခြေအနေ၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းရေးအတွက် တိုးတက်ကောင်းမွန်စေအောင် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို အသီးသီးရှင်းလင်းတင်ပြခဲ့ပါသည်။
၎င်းနောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဌတို့မှ ခရိုင်များအလိုက်တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးတင်ပြခဲ့ပြီး လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုးချဲ့အကောင်အထည်ဖော် တည်ဆောက်မည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်း လုပ်ငန်းအစီအမံများကို အသီးသီးတင်ပြကြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ခရိုင်များ အလိုက်ဖြစ်ပေါ်နေမှု အခြေအနေများအရ နည်းပညာပိုင်းဆိုင်ရာ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပါသည်။
၎င်းနောက် တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှပြောကြားရာတွင် ယခုတင်ပြ ချက်များအရ ခရိုင်အလိုက်ပြုပြင်ဆောင်ရွက်ရမည့်အပိုင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေဖြင့် ဖြည့်စွက်ဆောင်ရွက်ရမည့်အပိုင်း ဟူ၍ သိမြင်ကြပြီးဖြစ်ရာ မိမိတို့ ကဏ္ဍအလိုက် ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် အဆင့်ဆင့်ရည်မှန်းချက်ထားဆောင်ရွက်ရန် လိုအပ်ကြောင်း ဆောင်ရွက်စဉ် ပြည်ထောင်စုအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်လူ၊ ယန္တရားလိုအပ်ချက်များရှိပါကလည်း အချိန်နှင့်တပြေးညီ တင်ပြသွားရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်တမ်းကြာနေသည့် ဓာတ်အားလိုင်း များကို SAC ကြိုးအသစ်များ၊ Aerial Bundel Cable အသစ်များဖြင့် အဆင့်အလိုက် အစားထိုးလဲလှယ်တပ်ဆင် ဆောင်ရွက်ခြင်းအားဖြင့် လျှပ်စစ်သုံးစွဲသူပြည်သူများအတွက် ရေရှည်၌ ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးရေးတို့ကို ဦးတည်ဆောင်ရွက်သွားရန်တို့အား လမ်းညွှန်မှာကြားခဲ့ပါသည်။