နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ( ၁၆ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်ငယ်မြစ်ပေါ်ရှိ ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်း ဆက်လက်အကောင်အထည်ဖော် တည်ဆောက်နိုင်ရန်အတွက် Notice to Proceed ပေးအပ်သည့်အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့၊ ညနေ ၀၆:၀၀ နာရီအချိန်တွင် Park Royal Hotel ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီနှင့် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာသံရုံးအသီးသီးမှ သံအမတ်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ဌာနအကြီးအကဲများ၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့်ကုမ္ပဏီ များမှ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာ၌ ဒီးဒုတ် ရေအားလျှပ်စစ်စီမံကိန်းသည် မန္တလေးတိုင်းဒေသကြီးအတွင်း တည်ရှိပြီး မြစ်ငယ်မြစ်ပေါ်တွင် အဆင့်ဆင့်သော စီမံကိန်းများအနက် တစ်ခုဖြစ်ပြီး လက်ရှိ ဓာတ်အားထုတ်လုပ်လျက် ရှိသော ရဲရွာစီမံကိန်းမှ ထုတ်လွှတ်လိုက်သည့်ရေများကို အကျိုးရှိစွာအသုံးပြု၍ ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားသည် ရေရှည် တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားတစ်ခုဖြစ်ပြီး Myanmar Sustainable Development Plan (၂၀၁၈-၂၀၃၀) တွင် စီးပွားရေးတိုးတက်မှု၏ ဗဟိုချက်မအဖြစ် ပါဝင်ပါကြောင်း၊ နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်မှာလည်း နှစ်စဉ် တိုးတက်လျက်ရှိပြီး တိုးတက်မှုနှုန်းသည် ၁၃ % မှ ၁၅ % အတွင်းရှိပါကြောင်း၊ လျှပ်စစ် ဓာတ်အား ဖြည့်ဆည်းပေးရန် မိမိတို့ဝန်ကြီးဌာနတွင် များစွာ တာဝန်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ တနံတစ်လျား ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများ တိုးတက်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၃၀ ခုနှစ် တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံချက် (National Electrification Plan) ကို ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းရေးဆွဲခဲ့ပါကြောင်း၊ ယင်းရည်မှန်းချက်များ ပြည့်မီရန်အတွက် လျှပ်စစ်စီမံကိန်းများကို အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရန် လိုအပ်လျက်ရှိပြီး နိုင်ငံတော်ဘဏ္ဍာငွေ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီ၊ ပုဂ္ဂလိကမှ ပါဝင်ရင်းနှီးမြှုပ်နှံမှု စသည်ဖြင့် ဘဏ္ဍာငွေရရှိနိုင်မည့်နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဓာတ်အား ထုတ်လုပ်မှုကုန်ကျစရိတ်အား မြစ်ဝှမ်းတစ်ခုတည်းတွင် အဆင့်ဆင့်သော ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ ဆောင်ရွက်ခြင်းဖြင့် လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်စေခြင်းအားဖြင့် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုစွမ်းအားကို မြှင့်တင်နိုင်စေရန် ရည်မှန်းသော်လည်း ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်မှုသည် စရိတ်သက်သာပြီး အကျိုးရှိရှိ ဆောင်ရွက်နိုင်မှုသည် စိန်ခေါ်မှု ဖြစ်နေပါကြောင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်လာခြင်းသည် စီးပွားရေးတိုးတက်မှုအတွက် တွန်းအားဖြစ်ပြီး စီမံကိန်းဒေသရှိ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ စီမံကိန်းတည်ဆောက်ရေး ကာလအတွင်း အလုပ်အကိုင်အသစ်များ ဖန်တီးပေးနိုင်မည့်အပြင် စီမံကိန်းနှင့် ဆက်စပ် ဖြစ်ထွန်းလာမည့် စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အလုပ်အကိုင်များ ထပ်မံရရှိနိုင်မည် ဖြစ်ပါကြောင်း၊ မရေရာသောအချိန်ကာလများကို ကျော်လွန်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆောင်ရွက်နိုင်ခြင်းမှာ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ရေအားလျှပ်စစ်ဖွံ့ဖြိုးမှုအတွက်သာမက လျှပ်စစ်ကဏ္ဍတစ်ခုလုံးအတွက် မှတ်တိုင်တစ်ခုသို့ ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ ဒီးဒုတ် ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား (၆၀) မဂ္ဂါဝပ်မှာ နောင် (၃) နှစ် အတွင်း နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယခု စီမံကိန်းတွင် နိုင်ငံတော်အပိုင်းမှ လက်ရှိဆောင်ရွက်ပြီး လုပ်ငန်းများအား ထည့်ဝင်မှု အဖြစ်သတ်မှတ်ပြီး ဘတ်ဂျက်ထပ်မံ မလိုအပ်တော့ဘဲ ပုဂ္ဂလိက၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ လိုအပ်သည့် ခွင့်ပြုမိန့်နှင့် အတည်ပြုချက်များရရှိရေးကိုသာ ကူညီဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ ယခုစီမံကိန်းသည် မိမိနိုင်ငံအတွင်းမှ စွမ်းအင်အရင်းအမြစ်ကို အခြေခံသောစီမံကိန်းတစ်ခုဖြစ်ကာ နည်းပညာမြင့်မားပြီး အရည်အသွေးကောင်းမွန်သော Bulb Turbine များကို ဥရောပနိုင်ငံမှ တင်သွင်းအသုံးပြု မည်ဖြစ်၍ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ တမံအမြင့် (၂၅) မီတာ အနိမ့်တမံအမျိုးအစားဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အနေဖြင့် လျှပ်စစ်ကဏ္ဍ ပိုမိုတိုးတက်လာစေရေးနှင့်အတူ ပြည်သူအများ တတ်နိုင်ပြီး၊ မျှတသောစွမ်းအင်များ သုံးစွဲရရှိစေမည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းကို ဖန်တီးဖော်ဆောင် ပေးရန် တာဝန်ရှိပါကြောင်း၊ ရေအားလျှပ်စစ်ကဏ္ဍအတွက် ကာလသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသူများအား ဝန်ကြီးဌာနမှ အကောင် အထည်ဖော်မည့် ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာအချက်အလက် Video Clip အား ပြသခဲ့ပြီး၊ လုပ်ငန်းရှေ့ဆက်လက် ဆောင်ရွက်ရန်အတွက် Notice To Proceed စာချုပ် အား လက်မှတ်ရေးထိုးကြရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် Andritz Hydro GmbH ၊ Kansai Electric Power နှင့် High Tech Construction Trust Co.,Ltd. တို့၏ တာဝန်ရှိသူများမှ လက်မှတ်ရေးထိုးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
အဆိုပါ ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်းသည် စက်တပ်ဆင်အင်အား ၆၀ မဂ္ဂါဝပ် ရှိပြီး နှစ်စဉ် ကီလိုဝပ်နာရီသန်းပေါင်း ၂၉၈ သန်းကို ၂၀၂၂ ခုနှစ်တွင် ရရှိလာမည်ဖြစ်ကာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် လိုအပ်လာမည့် လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၈၀၀၀ ကျော်ကို ဖြည့်ဆည်းရာ၌ အထောက်အကူပြုမည့်စီမံကိန်းဖြစ်ပါသည်။ စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားသည် အိမ်ထောင်စုပေါင်း ၆၀၀၀၀ အား ဓာတ်အား တိုးချဲ့ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ပြီး အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း အကျိုးပြုမည့်စီမံကိန်းဖြစ်ပါသည်။ မြစ်ငယ်မြစ်ပေါ်တွင်ရှိသည့် Cascade Type စီမံကိန်းဖြစ်ပြီး ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထုတ်လွှတ် လိုက်သည့်ရေကိုရယူပြီး ထပ်မံဓာတ်အားထုတ်လုပ်ပေးခြင်းအားဖြင့် ရေအရင်းအမြစ် များကို ထိရောက်စွာ အကျိုးရှိရှိ အသုံးချနိုင်မည့်စီမံကိန်းတစ်ခုဖြစ်ပါသည်။