၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ( ၁ ) ရက်
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ဒေသ ၊ ဘဲလင်း ၂၃၀ ကေဗွီ ဓာတ်အား ခွဲရုံတွင် Powergen Kyaukse Company Limited မှ အကောင်အထည်ဖော် ဆောင်ရွက်မည့် ၁၄၅ မဂ္ဂါဝပ် Gas Engine ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် အီတလီနိုင်ငံတွင် တည်ဆောက်ထုတ်လုပ်ခဲ့သော Wartsila ကုမ္ပဏီမှ ၁၈မဂ္ဂါဝပ် အင်ဂျင်စက် (၈) လုံးသည် အီတလီ နိုင်ငံ၊ Trieste ဆိပ်ကမ်းမှ မြန်မာနိုင်ငံ ၊ ရန်ကုန်မြို့၊ အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ၁.၉.၂၀၁၈ ရက်နေ့တွင် ဆိုက်ရောက်ခြင်းအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွင် Powergen Kyaukse Company Limited မှ တာဝန်ရှိသူများက ဒုတိယဝန်ကြီးအား စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် Gas Engine (၈) လုံးရောက်ရှိမှုအခြေအနေ၊ ရန်ကုန် အလုံဆိပ်ကမ်းမှ မန္တလေး ရွှေကြက်ယက်သို့ Gas Engine များသယ်ဆောင်ရန်အတွက် Barge ပေါ်သို့ ရွှေ့ပြောင်းပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လမ်းခရီးသယ်ဆောင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရန် နှင့် ပစ္စည်းများအချိန်မီ ရောက်ရှိပြီး စီမံကိန်းအမြန်စတင်နိုင်ရန် အရေးကြီးပါကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ Powergen Kyaukse Company Limited သို့ Letter of Acceptance (LoA) အား ၇.၅.၂၀၁၈ ရက်နေ့တွင် ထုတ်ပေးခဲ့ပြီး ယင်းနေ့မှစ၍ ကုမ္ပဏီသည် စီမံကိန်းလုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် စီမံကိန်း မြေနေရာအား ရှင်းလင်းပြီးစီးပြီဖြစ်၍ Gas Engine များထားရှိတည်ဆောက်နိုင်ရန် Civil Works များ ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ၁၄၅ မဂ္ဂါဝပ် Gas Engine ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီးစီးပါက မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့်ဖြန့်ဖြူးသုံးစွဲ နိုင်မည်ဖြစ်ပါသည်။