The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောက်လုပ်လှူဒါန်းခဲ့သော သုံးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်သည့်သတင်း

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ  (     )  ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းစီမံကိန်းက ဆောက်လုပ်လှူဒါန်းခဲ့သော အလျား ၂၁၀ʹ x အနံ ၃၀ʹ x အမြင့် ၃၆ʹ သုံးထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့၊ ၀၈:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရှေ့တောင်အာရှရေနံစိမ်းပိုက်လိုင်းစီမံကိန်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များနှင့် အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ သုံးထပ်ကျောင်းဆောင်သစ်အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်၊ နေပြည်တော်ကောင်စီ ပညာရေးတာဝန်ခံ ဦးတင်ထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် အရှေ့တောင်အာရှရေနံစိမ်းပိုက်လိုင်းစီမံကိန်း ဥက္ကဋ္ဌတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

          ဆက်လက်၍ ကမ္ပည်းကျောက်စာတိုင်အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့မှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ပါသည်။

          ထို့နောက် ကျောင်းအစည်းအဝေးခန်းမအတွင်း အခမ်းအနားအစီအစဉ် ဒုတိယ ပိုင်းအား ဆက်လက်ကျင်းပရာ သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းခဲ့ခြင်း နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးတို့မှ အမှာစကားများ ပြောကြားခဲ့ပါသည်။

          ထို့နောက် အရှေ့တောင်အာရှရေနံစိမ်းပိုက်လိုင်းစီမံကိန်း ဥက္ကဋ္ဌက သုံးထပ် ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းဆောင်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီးမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

          ၎င်းနောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ကျောင်းဆောင်အတွက် လိုအပ်သော ထိန်းသိမ်းပြုပြင်မှုများ ဆောင်ရွက်ရန် ရန်ပုံငွေ ကျပ်သိန်း ၃၀ အား ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး ပျဉ်းမနားမြို့နယ်ပညာရေးမှူးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပါသည်။

          ယင်းနောက် ကျောင်းသား/ကျောင်းသူလေးများက အကအလှတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ကျောင်းသား/ ကျောင်းသူလေးများအား အမှတ်တရပန်းခြင်းလက်ဆောင်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဧည့်သည်တော် များမှ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

          နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောက်လုပ်လှူဒါန်းထားသော သုံးထပ်ကျောင်းဆောင်သစ်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းစီမံကိန်း၏ လူမှုရေး တာဝန်သိမှု Corporate Social Responsibility (CSR) အစီအစဉ်ဖြင့် အကောင် အထည်ဖော်​ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါသည်။ ဆောက်လုပ်လှူဒါန်းထားသော ကျောင်းဆောင်သည် အလျား၂၁၀ʹ x အနံ ၃၀ʹ x အမြင့် ၃၆ʹ သုံးထပ်ကျောင်းဆောင် ဖြစ်ပြီး ၃၀ʹ x ၂၄ʹ x ၁၂ʹ ကျယ်ဝန်းသော စာသင်ခန်း ၁၅ ခန်း နှင့် ၉၀ʹ x ၂၄ʹ x ၁၂ʹ ကျယ်ဝန်းသော ဟောပြောခန်းမတစ်ခု ပါဝင်ပါသည်။ ပရိဘောဂများအနေဖြင့် ကျောင်းသား၊ ကျောင်းသူ စားပွဲနှင့် ထိုင်ခုံ ၂၁၀ စုံ၊ ဆရာထိုင် စားပွဲနှင့် ကုလားထိုင် ၁၅ စုံ၊ Whiteboard ၁၅ စုံ ဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း ၃၉၆၀ အကုန်အကျခံ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါသည်။

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ အရှေ့တောင်အာရှရေနံစိမ်း ပိုက်လိုင်းကုမ္ပဏီနှင့်ပူးပေါင်း၍ ပိုက်လိုင်းဖြတ်သန်းသွားသော ဒေသများတစ်လျှောက် မြို့နယ်၊ ကျေးရွာများ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် လူမှုရေးတာဝန်သိမှု CSR လုပ်ငန်း များကို ၂၀၁၂ ခုနှစ်မှစပြီး နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာ ပိုက်လိုင်းလမ်းကြောင်း ဖြတ်သန်းသွားသည့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့တွင်၂၀၁၂ ခုနှစ်မှ ၂၀၁၇ နှစ်အထိ ပညာရေးကဏ္ဍတွင် လုပ်ငန်း (၈၇) ခု ငွေကျပ် (၁၁,၅၄၃.၂၈ သိန်း) နှင့် အမေရိကန် ဒေါ်လာ (၃,၉၁၅,၃၆၈.၇၈)၊ ကျန်းမာရေး ကဏ္ဍတွင် လုပ်ငန်း (၂၉) ခုနှင့် အမေရိကန် ဒေါ်လာ (၉၅၁,၉၇၆.၅၄)၊ အခြေခံ ဆောက်အဦကဏ္ဍတွင် လုပ်ငန်း (၂၂)ခု၊ ငွေကျပ် (၂,၁၁၆.၀၀ သိန်း) နှင့် အမေရိကန် ဒေါ်လာ (၁၁,၅၇၅,၇၄၀.၀၀)၊ ပြည်သူ့ အထောက်အကူပြု၊ အထွေထွေနှင့် အရေးပေါ် ကဏ္ဍများတွင် လုပ်ငန်း (၂၂) ခု၊ ငွေကျပ် (၃,၁၇၄.၁၇ သိန်း) နှင့်  အမေရိကန်ဒေါ်လာ (၁၉,၉၇၂၁.၀၀) ကူညီဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခု ၂၀၁၈ ခုနှစ်တွင်လည်း ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားသော တိုင်းဒေသကြီး/ပြည်နယ်များ တွင် လူမှုရေးတာဝန်သိမှု CSR လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Post under by : ဝန်ကြီးရုံး
07-Sep-2018