လျှပ်စစ်ဓာတ်အားလိုင်းများတွင် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ၊ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ နှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းဟူ၍ ဗို့အားအမျိုးအစားအလိုက် တည်ဆောက်၍ ဓာတ်အားပို့လွှတ်ခြင်း၊ ဓာတ်အားဖြန့်ဖြူးခြင်းများကို ဆောင်ရွက်ကြပါသည်။ ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ နှင့် ၆၆ ကေဗွီ ဓာတ်အားလိုင်းများသည် ဓာတ်အားပို့လွှတ်ရေးလိုင်း(Transmission Line)များဖြစ်ပြီး တာဝါတိုင်များ၊ တိုင်အမြင့်များ သုံးကာ ဓာတ်အားပို့လွှတ်ပြီး အများပြည်သူ နေထိုင်သော မြို့များ၊ လမ်းများအတွင်း တည်ဆောက်ဆွဲသားထားမှု နည်းပါးပါသည်။ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ နှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများသည် ဓာတ်အားဖြန့်ဖြူးပေးသော လိုင်းများဖြစ်သဖြင့် မြို့တွင်း၊ ရွာတွင်းလမ်းများတွင် သွယ်တန်းထားသော ဓာတ်အားလိုင်းများ ဖြစ်ပါသည်။
ဓာတ်အားဖြန့်ဖြူးရေးလိုင်းများသည် သစ်ပင်၊ ဝါးပင်များ ဘေးတစ်ဖက်တစ်ချက် နှင့် သစ်ပင်ကြီး များ အောက်မှ သွယ်တန်းကာ တစ်လမ်းဝင်၊ တစ်လမ်းထွက် သွယ်တန်း၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးထားရသည်။ မြန်မာနိုင်ငံ၏ လက်ရှိ ဓာတ်အားလိုင်းများသည် Bare Wire (Open Wire) စနစ်များ ဖြစ်သည့်အတွက် သစ်ပင်ဝါးပင်တို့၏ လေတိုက်မှုကြောင့် ရိုက်ခတ်မှု နှင့် သစ်ကိုင်းကျိုးကျမှု၊ သစ်ပင် ပြိုလဲကျမှုများဖြစ်သည့်အခါ လိုင်းကြိုးများ လျော့ကျခြင်း၊ လိုင်းကြိုးများ ရိုက်ခတ်ခြင်း၊ လိုင်းကြိုးများ ပြတ်ကျခြင်းများ ဖြစ်ပေါ်ပါသည်။
အထူးသဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်သော လေပြင်းဝှေ့ရမ်းတိုက်ခတ်မှု နှင့်အတူ မြို့တွင်း၊ ရွာတွင်း၊ လမ်းများအတွင်းတွင် သစ်ပင်သစ်ကိုင်းများ ပြတ်ကျခြင်း၊ ပြိုလဲခြင်းများကြောင့် ဓာတ်အားလိုင်းကြိုးများ လျော့ကျခြင်း၊ ပြတ်ကျခြင်း၊ ဓာတ်အားလိုင်းတိုင်များ လဲခြင်း၊ ကျိုးခြင်းများ ဖြစ်ပေါ်စေသည့် အဓိက အချက်တစ်ရပ်ပင် ဖြစ်ပါသည်။ ဓာတ်အားလိုင်းကြိုးများ အိကျခြင်း၊ ပြတ်ကျ ခြင်း၊ ဓာတ်အားလိုင်းတိုင်များ လဲခြင်းသည် ဓာတ်အားပြတ်တောက်မှု ဖြစ်ရုံသာမက ဓာတ်အားလိုင်းကြိုး များ ထိမိကိုင်မိရာမှ ဓာတ်လိုက်မှု၊ လျှပ်စစ်အန္တရာယ်များလည်း ဖြစ်ပေါ်တတ်ပါသည်။ ၂၀၁၅ ခုနှစ် မတ်လ၊ ဧပြီလနှင့် မေလများအတွင်း နိုင်ငံအနှံအပြား မြို့ကြီးများတွင် မိုးသက်လေပြင်းများ တိုက်ခတ်မှု ကြောင့် ဓာတ်အားလိုင်းတိုင်များ ပြိုလဲမှု ၉၂ နေရာ ဖြစ်ပွားခဲ့ပါသည်။ အထူးသဖြင့် ၆.၅.၂၀၁၅ ရက်နေ့မှ ၉.၅.၂၀၁၅ ရက်နေ့အတွင်း မန္တလေးတိုင်းဒေသကြီးတွင် ဆိုင်းဘုတ်ကြီးများ သစ်ပင်ကြီးများ ပြိုလဲပျက်စီးအောင် တိုက်ခတ်ခဲ့သော မိုးသက်လေပြင်းကြောင့် မန္တလေးတိုင်းဒေသကြီးတွင် ၅၀ နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀ နေရာတို့တွင် ဓာတ်အားလိုင်းတိုင်များ ပြိုလဲပျက်စီးမှုများ ဖြစ်ပွားခဲ့ပါ သည်။ ယင်းဓာတ်အားလိုင်းများ ပျက်စီးမှုကို အချိန်မီ သိရှိပြီး လျှပ်စစ်ဝန်ထမ်းများက ပစ္စည်းများ အမြန်စုဆောင်းပေးပို့ခြင်း၊ နေ့မအား ညမနား ပြုပြင်မှုများ ဆောင်ရွက်ခဲ့သဖြင့် အချို့ ဓာတ်အား လိုင်းများသည် နေ့ချင်းပြီး ဓာတ်အားပေးနိုင်အောင် ဆောင်ရွက် နိုင်ခဲ့ကြသည်။ ပျက်စီးမှု များပြားပြီး သယ်ယူပို့ဆောင်ရေး ခက်ခဲသော နေရာများရှိ ဓာတ်အားလိုင်း ပျက်စီးမှုများကိုလည်း တစ်ရက်၊ နှစ်ရက် အတွင်းပြီးစီးအောင် ဆောင်ရွက်ခဲ့ကြသည်။
သဘာဝဘေးဒဏ်ကြောင့် ဓာတ်အား လိုင်းကြိုးများ နှင့် ဓာတ်အားလိုင်းတိုင်များ လဲကျခြင်း၊ ပြတ်ကျခြင်းများအတွက် ဦးစွာ သတင်း ရရှိမှသာ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးကို ဆောင်ရွက်နိုင်ခြင်း၊ ဓာတ်အား ပြန်လည် ပေးနိုင်ရေးအတွက် ဆောင်ရွက်နိုင်ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ပေသည်။ မြို့နယ် တစ်မြို့နယ်အတွင်း သွယ်တန်းထားသော ဓာတ်အားလိုင်းကြိုးများ၊ ဓာတ်အားလိုင်းတိုင်များသည် လျှပ်စစ်ဝန်ထမ်းများက နေ့ညမပြတ် စောင့်ကြည့်ရန် ခက်ခဲလှပေသည်။ တာဝန်သိ ပြည်သူများ၏ ကူညီ သတင်းပေးပို့မှုသည် အများပြည်သူ လျှပ်စစ်အန္တရာယ် ကင်းနိုင်အောင် ဆောင်ရွက်ပေးနိုင်ခြင်းနှင့် ချို့ယွင်းနေရာကို ချက်ချင်း သိရှိသဖြင့် ပြန်လည်ပြုပြင်ရန် အတွက် အထောက်အကူပြုရာ ရောက်ပေသည်။
ညအချိန် ကာလ ဓာတ်အားလိုင်း ပြတ်ကျမှုများသည် မသိရှိသည့်အတွက် နံနက်စောစော လမ်းသွားလမ်းလာများက လျှပ်စစ်သတိမရှိ ကိုင်တွယ်မိသည့်အတွက် အသက်ဆုံးရှုံးမှုများ ဖြစ်စေပါ သည်။
သဘာဝဘေးဒဏ်ကြောင့် လျှပ်စစ်ချို့ယွင်းပျက်စီးမှု အရေအတွက် များပြားသည့်အခါ မြို့နယ် လျှပ်စစ်ဝန်ထမ်း အင်အားဖြင့် နေ့ည ဆောင်ရွက်သော်လည်း အချိန်တိုအတွင်း ပြီးစီးရန် ခဲယဥ်း လှပေ သည်။ အချို့ရပ်ကွက်၊ ကျေးရွာ ပြည်သူများသည် ၎င်းတို့ လမ်းပေါ်ရှိ ဓာတ်ကြိုးများပေါ် လဲကျနေသော သစ်ပင်များကို ဝိုင်းဝန်း ကူညီဖြတ်တောက်ပေးခြင်း၊ လိုအပ်သော လူအင်အား ကူညီခြင်းများဖြင့် လျှပ်စစ် ဓာတ်အားအမြန်ရရှိရေး လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးကို ကူညီ ဆောင်ရွက်ပေးကြသည်။ အချို့နေရာ များတွင် “ဒါသူတို့ အလုပ်ဘဲ……ငါတို့ ကူညီရန် မလိုဘူး…... မြန်မြန်ဓာတ်အားပေးနိုင်အောင်လုပ်ကြ၊ အခြားရပ်ကွက်တွေနည်းတူ ဓာတ်အားအမြန်ပြန်မရရင်တော့… ငါတို့အကြောင်း သိရမယ်……”ဟု အမျိုးမျိုး ပြောဆိုမှုများလည်း ရှိနေပါသည်။ မိမိ ရပ်ကွက်၊ ကျေးရွာ အတွင်း သဘာဝ ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို ဌာနဆိုင်ရာများက ဆောင်ရွက်ကြရာတွင် ပြည်သူများမှလည်း အသိစိတ်ရှိစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြန်လည်ပြင်ဆင်မှု လုပ်ငန်းများ နှင့် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများ၌ ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။
ဝေယံ