The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မိုးသက်လေပြင်းနှင့်အတူ

မိုးဦးအကြိုကာလ နှင့် မိုးနှောင်းကာလများတွင် လေပြင်းတိုက်ခတ်မှု၊ လေပွေ၊ လေဆင်နှာမောင်း များ ဖြစ်ပေါ်မှု နှင့်အတူ မြန်မာပြည် အနှံ့အပြား၌ အဆောက်အဦများ ပျက်စီးမှု၊ သစ်ပင်သစ်ကိုင်းများ ပြိုလဲမှုများ ဖြစ်ပေါ်လေ့ရှိပါသည်။ အဆိုပါ ပျက်စီးမှုများတွင် ဓာတ်အားလိုင်းတိုင်များ ပျက်စီးမှုများသည် ပါဝင်လျက်ရှိပါသည်။ သဘာဝဘေးဒဏ်ကြောင့် ဓာတ်အားလိုင်းတိုင်များ ပျက်စီးမှုသည် နိုင်ငံတိုင်း ကြုံတွေ့ရပေသည်။ အထူးသဖြင့် မြန်မာပြည် မြို့တွင်း ဓာတ်အားဖြန့်ဖြူးရေး ဓာတ်အားလိုင်းများသည် သစ်ပင်ပေါများသော လမ်းများပေါ်တွင် စိုက်ထူထားရခြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲပြိုရာတွင် ဓာတ်အားလိုင်းကြိုးပေါ်ပိရာမှ ဓာတ်အားလိုင်းများ ပြိုလဲမှု၊ ပျက်စီးမှုများ ဖြစ်ပေါ်ပါသည်။ ဗို့အားမြင့် တာဝါတိုင်များသည်လည်း လေပွေ၊ လေဆင်နှာမောင်းများ တိုက်ခတ်သည့်အခါ ယိုင်လဲ၊ ကျိုးကျမှုများ လည်း ဖြစ်တတ်ပေသည်။မြို့တွင်း ဓာတ်အားလိုင်း ပြိုလဲ ပျက်စီးသည့်အခါ သက်ဆိုင်ရာ မြို့ ဓာတ်အားပေးမှု ရပ်တန့်သွားရသည်။ ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဗို့အားမြင့် ဓာတ်အားလိုင်းများ ပြိုလဲပျက်စီးပါက ဓာတ်အားစနစ်ပါ ထိခိုက်ပြီး ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ပါသည်။ ၁၃.၄.၂၀၁၅ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ၁၃၂ ကေဗွီ ဗို့အားမြင့် တာဝါတိုင်လဲကျ၍ ဓာတ်အားစနစ် အတွင်း ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ရသည်။

၂၀၁၄ ခုနှစ်တွင် တစ်ပြည်လုံးတွင် လေဘေးဒဏ်ကြောင့် ဓာတ်အားလိုင်းတိုင်များ ပျက်စီးပြိုလဲမှု ၁၈ ကြိမ် ဖြစ်ပွားခဲ့ရာတွင် ဓာတ်အားလိုင်းတိုင် ၂၁၃ တိုင် ပြိုလဲပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပေသည်။ ၂၀၁၅ ခုနှစ် ၏ နွေဦးကာလ မတ်လ နှင့် ဧပြီလများတွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် တိုင်းဒေသကြီး/ပြည်နယ် များတွင် ဓာတ်အား လိုင်းများ ပြိုလဲပျက်စီးမှု ၁၂ ကြိမ် ဖြစ်ပွားခဲ့ရာတွင် ဓာတ်အားလိုင်းတိုင် ၆၈ တိုင် ပြိုလဲမှု နှင့် အတူ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ဓာတ်အား အမြန်ပေးနိုင်ရေးအတွက် ပြိုလဲ ကျိုးကျသွားသော သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းသစ်များ ပြန်လည် စိုက်ထူခြင်း၊ ဓာတ်အားလိုင်းကြိုးများ ပြန်လည်ဆွဲရခြင်းများကို အမြန်ဆုံးပြီးရန် လျှပ်စစ်ဝန်ထမ်းများ သည် နေ့ည မအား ဆောင်ရွက်ကြရသည်။ အချို့နေရာများသည် တောတောင်လျှိုမြှောင်နေရာ များ၊ရေဝပ်ဧရိယာ များတွင် အစားထိုး ပစ္စည်းများ သယ်ယူခြင်း ပြန်လည် တည်ဆောက်ခြင်းများလည်း ရှိပေသည်…….. မည်သို့ပင် ခက်ခဲပါစေ……….လျှပ်စစ်ဝန်ထမ်းများက အများပြည်သူ ဓာတ်အား အမြန်ဆုံးရရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ လျှပ်စစ်ဝန်ထမ်းများ၏ ကြိုးပမ်း ဆောင်ရွက်မှု အချို့ကို ဖော်ပြရပါက…………

         - ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ၁၃.၄.၂၀၁၅ ရက်နေ့ ၁၈:၁၀ နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့်ဓာတ်အားလိုင်းတိုင် ၂၀ တိုင် ပြိုလဲပျက်စီးမှု ဖြစ်ပေါ်ခဲ့ရာ လျှပ်စစ်ဝန်ထမ်းများမှ                       ၁၄.၄.၂၀၁၅ ရက်နေ့တွင် ဓာတ်အား ပြန်လည်ရရှိအောင် ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

         - ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင်လည်း ၁၉.၄.၂၀၁၅ ရက်နေ့ ၁၂:၂၀ နာရီအချိန် တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်အားလိုင်းတိုင် ၁၀ တိုင် ပြိုလဲပျက်စီးမှု ဖြစ်ပေါ်ခဲ့ရာ လျှပ်စစ်ဝန်ထမ်းများမှ               ၎င်းနေ့ ညပိုင်းတွင် ဓာတ်အား ပြန်လည်ရရှိအောင် ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

         - စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့တွင် ၂၂.၄.၂၀၁၅ ရက်နေ့ ၁၅:၀၀ နာရီ အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်အားလိုင်းတိုင် ၂၉ တိုင် ပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာတွင် လျှပ်စစ်ဝန်ထမ်းများမှ ၂၃.၄.၂၀၁၅ ရက်နေ့ ညပိုင်းတွင် ဓာတ်အား                  ပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

 မြန်မာနိုင်ငံ၏ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများသည် အဆင့်မြှင့်တင်ရန် လိုအပ်နေခြင်း၊ သစ်ပင်သစ်ကိုင်းများ တစ်လျှောက်တွင် Open Wire စနစ်များဖြင့် တည်ဆောက် ထားခြင်းကြောင့် လေကြီးမိုးကြီးချိန် ကာလများတွင် ဓာတ်အားလိုင်း ချို့ယွင်းမှုများလည်း ဖြစ်ပေါ်လေ့ရှိသည်။ မှောင်မှောင်မဲမဲ မိုးသဲသဲတွင် လျှပ်စစ်ဝန်ထမ်းများမှ မြွေ၊ ကင်း အန္တရာယ် ဂရုမစိုက်နိုင်ဘဲ လက်နှိပ်ဓာတ်မီး ထိုးကာ လိုင်းအပြစ် တွေ့အောင် ရှာဖွေ၍ ဓာတ်အားပြန်လည် ရရှိအောင် ပြင်ဆင် ဆောင်ရွက်နေကြရသည်။

          ဓာတ်အားလိုင်းပြုပြင်ရာမှ တိုင်ပေါ်မှ ချော်ကျခြင်း၊ မြွေပါးကင်းပါး အကိုက်ခံရခြင်း၊ လျှပ်စစ် အန္တရာယ် ဖြစ်ပေါ်ခြင်းများကြောင့် လျှပ်စစ်ဝန်ထမ်းများ အသက်ပေးခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။ လျှပ်စစ် ဓာတ်အားသုံးစွဲသူများမှာ နေ့စဉ်တိုးတက်နေပါသည်။ လျှပ်စစ်ဝန်ထမ်းများသည် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံ အသစ်များ တိုးချဲ့တည်ဆောက်ခြင်း၊ တည်ဆောက်ပြီး ဓာတ်အားလိုင်း နှင့် ဓာတ်အား ခွဲရုံများ၏ ကြံ့ခိုင်ထိန်းသိမ်းမှု လုပ်ငန်းများဆောင်ရွက်ခြင်း၊ သဘာဝဘေးဒဏ်အတွက် ပြန်လည် တည်ဆောက်မှုများ၏ တာဝန်များ ဆောင်ရွက်ရခြင်း နှင့် ဓာတ်အားသုံးစွဲသူများ၏ လိုအပ်ချက် (Complain)များကိုလည်း ထမ်းဆောင်နေကြရပါသည်။ လက်ရှိ ဖွဲ့စည်း ထားသော ဝန်ထမ်းအင်အားဖြင့် များပြားလှသော တာဝန်များကို ထမ်းဆောင်ရာတွင် လူအင်အား၊ ပစ္စည်းလိုအပ်ချက်များအရ အချိန်မီ မဆောင်ရွက်နိုင်မှုများလည်း ရှိပါသည်။

          ရုံးပိတ်ချိန်၊ ကျောင်းပိတ်ချိန်၊ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်၊ သင်္ကြန်ပိတ်ရက် စသည့် ပိတ်ရက်များ ရှိသော်လည်း လျှပ်စစ်လုပ်သားများသည် ပိတ်ရက်မရှိကြပါ။ အများပြည်သူတို့အား ဓာတ်အား ကောင်းမွန်စွာ ပေးနိုင်ရေးအတွက် ၂၄ နာရီ တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

 

​ဝေယံ

03-Jan-2018