ဦးစောတင်ဝင်း( ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ်)
(ဂ)-ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်ခဲ့သော ၁၂၈၀ မီဂါဝပ်ထွက်ရှိမည့် USC (Ultra Super Critical) နည်းပညာသုံး ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံတွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်ဓာတ်အားများစွာရရှိရန် လိုအပ် လျက်ရှိပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၃၀ ရာခိုင်နှုန်းခန့်သာရှိပြီး ကရင်ပြည်နယ်တွင် ခြောက်ရာခိုင်နှုန်းခန့်သာ လျှပ်စစ်မီးရရှိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုတွင် ရာခိုင်နှုန်းအနည်းဆုံးပြည်နယ် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လျှပ်စစ်သုံးစွဲမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိပြီး ၄၀၀ မီဂါဝပ်ခန့် တိုးတက်ထုတ်လုပ်နိုင်ရန် လိုအပ်လျက် ရှိပါကြောင်း၊ ထိုသို့ နိုင်ငံတော်၏ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ပြီး USC ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို TTCL ကုမ္ပဏီနှင့်ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားရှိသည်ဟု သိရှိရပါကြောင်း၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရန်အတွက် စီမံကိန်းတည်ဆောက်မည့် မြေနေရာတိုင်းတာခြင်း၊ ပြည်သူလူထုကို ချပြရှင်းလင်းခြင်း၊ (Pre Feasible Study) ကြိုတင် လေ့လာဆန်းစစ်ခြင်း၊ ကြိုတင်ဆောင်ရွက်ပြီးစီးခြင်းနှင့် ကျောက်မီးသွေးသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ကွင်းဆင်းတိုင်းတာပေးပြီးဖြစ်ကြောင်း သိရှိရပါကြောင်း၊
သံလွင်မြစ်ကြောင်းတစ်လျှောက် ဒီရေလမ်းကြောင်းများနှင့်ပတ်သက်ပြီး ဒုတိယဦးဆောင် ညွှန်ကြားရေးမှူး ဦးဆောင်သည့်အဖွဲ့က ကွင်းဆင်းစစ်ဆေးပါကြောင်း၊ ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံနှင့် ပတ်သက်ပြီး ပြည်သူလူထု၊ ကျေးရွာပြည်သူလူထုကို ကျောက်မီးသွေးစက်ရုံတွင် ရှင်းလင်းပြောကြားပါကြောင်း၊ ကျေးရွာလူထုက ကျောက်မီးသွေးအကျိုး၊ အပြစ်နှင့်ပတ်သက်ပြီး ပြန်လည်မေးမြန်းပါကြောင်း၊ နောက်လာမည့် ၂၀၃၀ ခုနှစ်တွင် ၃၄ ရာခိုင်နှုန်း ကျောက်မီးသွေး သုံးစွဲမည်၊ စက်ရုံများသုံးစွဲမည် ဖြစ်ပါကြောင်း၊ ဗီယက်နမ်က ၅၂ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံက ၁၉ ရာခိုင်နှုန်း သုံးစွဲမည် ဖြစ်ပါကြောင်း၊
ကရင်ပြည်နယ်အနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာပြီး အခြေခံဝန်အား Base Load အဖြစ် အသုံးပြုနိုင်သော အချိန်တိုအတွင်းတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်သော USC နည်းပညာသုံး ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတို့ကို တည်ဆောက်ရန် ကြိုးစားဆောင်ရွက် ခဲ့သည်ကို သိရှိရပါကြောင်း၊ ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံအကြီးစားများ မရှိသေးခြင်း၊ ပြည်နယ်အတွင်း စက်ရုံ၊ အလုပ်ရုံများကို ရင်းနှီးမြှုပ်နှံမှုများပြားလာပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာစေရေး၊ ပြည်ပရောက်အလုပ်သမားများ ပြည်နယ်အတွင်း ပြန်လည် ဝင်ရောက် လုပ်ကိုင်လာစေရန်နှင့် ပြည်နယ်နှင့်ပြည်ထောင်စုအတွက် ဝင်ငွေများပိုမိုရရှိနိုင်ရေး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ငြိမ်းချမ်းရေးအဖွဲ့အစည်းများသည်လည်း စီးပွားရေး လုပ်ငန်းကို ပိုမိုစိတ်ဝင်စားလာပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်ကြီး ပိုမိုခိုင်မာလာနိုင်ရေးနှင့် တိုးတက်ခေတ်မီသော နည်းပညာအသစ်များကို ဒေသခံပြည်သူများ ဆင့်ပွားတတ်မြောက်နိုင်မည်ကို ဆောင်ရွက်နေသည်ဟု သိရှိရပါကြောင်း၊ စီမံကိန်းတည်ဆောက်မှု ကုန်ကျစရိတ်ကိုလည်း နိုင်ငံတော် မှ စိုက်ခံဆောင်ရွက်ရန်မလိုဘဲ ကုမ္ပဏီမှအလုံးစုံ အကုန်အကျခံဆောင်ရွက်သောစီမံကိန်း ဖြစ်သည် ဟု သိရှိရပါကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်ခဲ့သော ၁၂၈၀ မီဂါဝပ်ထွက်ရှိမည့် USC (Ultra Super Critical) နည်းပညာသုံး ကျောက်မီးသွေးဓာတ်အားပေး စက်ရုံကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
________________________________________
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်ပေးနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်နိုင်သည့် နည်းလမ်းပေါင်းစုံအားအသုံးချပြီး ဆောင်ရွက်သွားနိုင်ရန် အစဉ်ထာဝရစဉ်းစားဆောင်ရွက် နေပါကြောင်း၊
ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် ကုမ္ပဏီတစ်ခု၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက် မည့် ၁၂၈၀ မီဂါဝပ် (Ultra Super Critical) နည်းပညာသုံးစီမံကိန်းကို ကရင်ပြည်နယ်၊ ဘားအံ မြို့နယ်က ဝတ်ကြီးကျေးရွာအနီးရှိ မြေဧက ၈၁၅ ပေါ်တွင် ဆောင်ရွက်လိုကြောင်း တင်ပြထားသည့် စီမံကိန်းဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းဆောင်ရွက်ရန်အတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုပြုရန် အဆိုပါကုမ္ပဏီနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ကြား နားလည်မှုစာချွန်လွှာကို ၃-၄-၂၀၁၈ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ စက်တစ်လုံးလျှင် ၆၄၀ မီဂါဝပ်ဖြင့် စက်နှစ်လုံးတပ်ဆင်ပြီး စက် စွမ်းအားဖြင့် ထုတ်လုပ်ရန်အတွက် တစ်ရက်လျှင် ကျောက်မီးသွေးတန်ချိန် ၁၂၉၀၀ ခန့် သုံးစွဲမည် ဖြစ်ကြောင်းနှင့် စီမံကိန်းလုပ်ကိုင်ခွင့်ကို ၂၅ နှစ်ဖြင့် IPP စနစ်ဖြင့် ဆောင်ရွက်ခွင့်တင်ပြထားသော စီမံကိန်းဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး ၂၄-၄-၂၀၁၈ ရက်နေ့တွင် ကျင်းပသော စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၈) သို့ တင်ပြခဲ့သည့်အခါ အဆိုပါ အစည်းအဝေးက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနများကို တိကျသည့်အကြံပြုချက်နှင့် လုပ်ငန်းများဆောင်ရွက်ရန် သင့်/မသင့်ကို စိစစ်တင်ပြသွားရန် မှတ်ချက်ပြုပြီး အဆိုပါမှတ်ချက်အရ နိုင်ငံတော်သမ္မတရုံးက ၂၄-၄-၂၀၁၈ ရက်နေ့ ရက်စွဲပါစာများဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများထံ အကြောင်းကြားစာများ ပေးပို့ခဲ့ပါကြောင်း၊ အဆိုပါအကြောင်းကြားစာအရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံတော်သမ္မတရုံးထံပြန်လည်တင်ပြသည့် အချက်အလက်များက စီမံကိန်းအတွက်လိုအပ်သော ကျောက်မီးသွေးများကို ပြည်ပနိုင်ငံများမှ မှာယူရမည်ဖြစ်ပြီး ကျောက်မီးသွေးသွင်းကုန်လိုင်စင်ဖြင့် ရောက်ရှိလာမည့် ပြည်ပကသင်္ဘောကြီးများ၏အရွယ်အစားသည် တန်ချိန် ၁၈၀၀၀၀ မှ ၇၈၀၀၀၀ အထိရှိမည့် သင်္ဘောကြီးများဖြစ်ပြီး အဆိုပါသင်္ဘောများကို နွေရာသီတွင် လုံလောက်သည့် ရေအနက်ရှိသည့် ဆိပ်ကမ်းနယ်နိမိတ်ပြင်ပက ပင်လယ်ပြင်တွင် ကျောက်ချရပ်ထားနိုင်ရန်အတွက် Floating Terminal လိုအပ်ပါကြောင်း၊ မိုးရာသီတွင် အဆိုပါ Floating Terminal တွင် သင်္ဘောကြီးများကို ဆိုက်ကပ်ထားရန် တာဝန်ရှိသည့်အတွက် လှိုင်းလေကွယ်သည့် ကုလားကုတ် ကျွန်းအရှေ့ဘက်တွင် အခြေပြုကျောက်ချရပ်နားထားရန် လိုအပ်ပါကြောင်း၊ အဆိုပါ သင်္ဘောကြီးများ ထံမှ တန် ၃၀၀၀ ဆံ့ ဇတ်ရေယာဉ်များဖြင့် ကျောက်မီးသွေးများကိုကဲ့ယူပြီးမှ စက်ရုံ၏ဆိပ်ကမ်း အရောက် ပို့ဆောင်တင်ချရမည် ဖြစ်ပါကြောင်း၊ သင်္ဘောကြီးမှ ဇတ်ရေယာဉ်ကို ကျောက်မီးသွေး ကူးပြောင်းတင်ပို့ချိန်၊ သင်္ဘောကမြစ်ကြောင်းကို ပြန်၍ဆန်တက်ချိန်၊ စက်ရုံတွင် ကျောက်မီးသွေးကို ပြန်ချချိန်၊ စက်ရုံမှသင်္ဘောကြီးရှိရာသို့ ဇတ်ရေယာဉ်များ ပြန်လည်ခုတ်မောင်းချိန်တို့ကို စနစ်တကျ တွက်ချက်သည့်အခါ သယ်ယူပို့ဆောင်ရွက်ရေးစီမံချက်အရ တန် ၃၀၀၀ ဆံ့ ဇတ်ရေယာဉ်အစီး ၂၀ ခန့် နေ့စဉ်ခုတ်မောင်းရန် လိုအပ်ကြောင်း တင်ပြထားပါကြောင်း၊
မိုးရာသီအတွင်း သယ်ယူရေး Bus များသည် ပင်လယ်ပြင်အတွင်း ဝေးလံစွာထွက်၍ သယ်ယူရမည် ဖြစ်သည့်အတွက် လှိုင်းလေရှိပါက ကျိုက္ခမီပင်လယ်ကွေ့တွင် ကုန်ကူးပြောင်းတင်ပို့ရန် အခက်အခဲ ပိုမိုရှိမည် ဖြစ်ပါကြောင်း၊ သံလွင်တံတား (မော်လမြိုင်) မှ ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာအထိ ကျောက်မီးသွေးတင်ဆောင်သည့် သင်္ဘောကြီးများသွားလာနိုင်ရန် ရေလမ်း အကျယ် ၁၂၀ မီတာနှင့် ရေအနက်ရေစစ်မျဉ်းအောက် ၃ မီတာရရှိရေးအတွက် နေရာ ၆၄ နေရာတွင် ခန့်မှန်းကုဗပေမီတာ ငါးသန်းခန့် တူးဖော်ရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ ကျိုက်ခမီပင်လယ်ပြင်တွင် ရေယာဉ်ကျောက်ချပြီး Floating Terminal အဖြစ် ဆောင်ရွက်ပြီး ကျောက်မီးသွေးအတင်အချ ပြုလုပ်ရာတွင် ရေရှည်တွင် ပင်လယ်ပြင်နှင့် ကမ်းခြေသဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေနိုင်ခြင်းကြောင့် ဆောင်ရွက်ရန် မသင့်ပါကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ကို ပြန်ကြား လာပါကြောင်း၊
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနကို တင်ပြလာသည့် စီမံကိန်းများကို စဉ်းစား ဆောင်ရွက်ရာတွင် နိုင်ငံ့အကျိုးစီးပွားထိခိုက်လာနိုင်ခြင်းရှိ/မရှိ၊ တင်ပြလာသည့် စီမံကိန်းကဏ္ဍ အလိုက် လောင်စာအရင်းအမြစ်ရရှိမှုပိုင်းဆိုင်ရာ၊ စက်ရုံပိုင်းဆိုင်ရာ၊ ဓာတ်အားလိုင်းနှင့်ခွဲရုံပိုင်း၊ ဒီဇိုင်းပိုင်းဆိုင်ရာ၊ စက်မှုနှင့်လျှပ်စစ်တပ်ဆင်ရေးဆိုင်ရာ၊ စီမံကိန်းကုန်ကျစရိတ်၊ သဘာဝပတ်ဝန်းကျင် နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှုလေ့လာဆန်းစစ်ချက် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ဥပဒေ၊ နည်းဥပဒေများ နှင့် ကိုက်ညီမှုရှိရေး၊ ဓာတ်အားစနစ်အတွင်းကိုထည့်သွင်းနိုင်မည့် အစီအစဉ်များ ဘက်ပေါင်းစုံ လေ့လာပြီးမှ ဆက်လက်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊
ကရင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာ ခွဲဝေသုံးစွဲရရှိနိုင်ရေးအတွက် ကရင်ပြည်နယ် အတွင်း ၂၃၀ ကေဗွီ မော်လမြိုင်-မြဝတီဓာတ်အားလိုင်း၏ ၂၃၀ ကေဗွီ မြဝတီဓာတ်အားခွဲရုံကို တည်ဆောက်ဆောင်ရွက်ပေးလျက်ရှိရာ ယခုလာမည့် ဧပြီလတွင်ပြီးစီးပြီး နိုင်ငံတော်၏ ဓာတ်အား လိုင်းစနစ်ကွန်ရက်မှ ကရင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားပိုမိုတိုးချဲ့ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ထားရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးစောတင်ဝင်း(ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဒုတိယဝန်ကြီးက ပြည့်ပြည့်စုံစုံရှင်းပြသွားသည့်အတွက် ကျေးဇူးများစွာတင်ရှိပါကြောင်း၊ နောက်ဆုံးရ သတင်းအရ မွန်ပြည်နယ်၊ ကုလားကုတ်ကျွန်းကို ပင်လယ်ကူးသင်္ဘောကြီးများဆိုက်ကပ်နိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ကြားသိရပါကြောင်း၊ မကြာမီ တင်ဒါခေါ်ယူတော့မည်ဟု သိရှိရ ပါကြောင်း၊ အကယ်၍ ကုလားကုတ်ကျွန်းတွင် ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်နိုင်ပါက ဒုတိယဝန်ကြီးပြောသွားသကဲ့သို့ ကုန်းလမ်းအနေဖြင့် မီးရထားဖြင့်သယ်ဆောင်ရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ကုလားကုတ်အနီး ပင်လယ်ကူးသင်္ဘောများဆိုက်ကပ်ပြီးဆောင်ရွက်မည့်ကိစ္စရပ်သည် ပြည်တွင်း ကုမ္ပဏီနှင့် ပြည်ပကုမ္ပဏီတို့၏ Joint Blancher နှင့် ပူးပေါင်းဆောင်ရွက်ပြီး အခြားလုပ်ငန်းများ အတွက် ဆောင်ရွက်သည့် စီမံကိန်းဖြစ်ပါကြောင်း၊ ၎င်းကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ အတွက် ဆောင်ရွက်သည့်စီမံကိန်း မဟုတ်ပါကြောင်း၊ အကယ်၍ ၎င်းနေရာတွင် ဆိပ်ကမ်းဆောင်ရွက် ပြီးသည့်အချိန် မီးရထားတွဲများဖြင့် ကျောက်မီးသွေးများကို သယ်ယူပို့ဆောင်နိုင်ရန် တစ်နေ့တာ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ၏တန်ချိန်လိုအပ်ချက်သည် တန်ချိန်ပေါင်း ၁၂၉၀၀ ဖြစ်ပါကြောင်း တင်ပြခဲ့ဖူးပါကြောင်း၊ အဆိုပါ တန်ချိန်များအတွက် မီးရထားဖြင့် သယ်ဆောင်ပါက မီးရထားစီးရေမည်မျှသယ်ရမည်နည်း၊ ၎င်းမီးရထားတွဲများဖြင့် သယ်ဆောင်ချိန်တွင် ကျောက်မီးသွေး အမှုန်များတွဲပေါ်မှ ရထားလမ်းတစ်လျှောက် လွှင့်စင်ကျသွားနိုင်သည့်အခြေအနေများ စသည့် အခြေအနေများကိုလည်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့၏ သဘောထားမှတ်ချက်များကို ဆက်လက်တောင်းခံ ပြီးမှသာ တိတိကျကျပြန်လည်ဖြေကြားပေးနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
လျှပ်စစ်နှင့်စွမ်းအင်