၂၄ ဒီဇင်ဘာလ ၂၀၁၇
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံဒေသတွင် Sembcrop Myingyan Power Company Limited မှIPP/BOT စနစ်ဖြင့် အကောင်အထည်ဖော်လျက်ရှိသော ၂၂၅ မဂ္ဂါဝပ် ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ စမ်းသပ်မောင်းနှင်ခြင်းအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများ လိုက်ပါလျက် ၂၄-၁၂-၂၀၁၇ ရက်နေ့တွင် မြင်းခြံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးခဲ့ပါသည်။
အဆိုပါ ၂၂၅ မဂ္ဂါဝပ် ထုတ်လုပ်မည့် မြင်းခြံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ဆောင်ရွက်ခဲ့မှု၊ စမ်းသပ်မောင်းနှင်လည်ပတ်မှု အခြေအနေအား စက်ရုံအတွင်းရှိ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပါသည်။
ဓာတ်အားပေးစက်ရုံစီမံကိန်းမှာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သံမဏိ စက်ရုံဝင်း အတွင်းတည်ရှိပြီး သဘာဝဓာတ်ငွေ့စက် (Gas Turbine) ၇၁.၅ မဂ္ဂါဝပ်(၂)လုံး၊ စွန့်ပစ် အပူသုံး ဓာတ်အားပေးစက်ရုံ (Stream Turbine Generation) ၈၂ မဂ္ဂါဝပ်(၁) လုံး တည်ဆောက်ခြင်းလုပ်ငန်း ကို (၂၉-၃-၂၀၁၆) မှ စတင်ဆောင်ရွက်ခဲ့ပြီး လိုအပ်သော သဘာဝဓာတ်ငွေ့ကို ရွှေကမ်းလွန်မှ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ စက်ရုံမှ ထွက်ရှိလာသည့် ဓာတ်အားများကို ၂၃၀ကေဗွီ မြင်းခြံ (သံမဏိ) ပင်မဓာတ်အားခွဲရုံမှတစ်ဆင့် ဓာတ်အားစနစ်ကွန်ရက်အတွင်းသို့ ပို့လွှတ်သွားမည် ဖြစ်ပါသည်။
လက်ရှိပထမအဆင့်အနေဖြင့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး (Gas Turbine) ၇၁.၅ မဂ္ဂါဝပ် စက် (၂) လုံးကို စမ်းသပ်မောင်းနှင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စက်ရုံမှဓာတ်အားများကို၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ပုံမှန်ထုတ်လုပ်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။