The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ရန်ကုန်တိုင်းဒေသကြီး၊ လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးတိုးတက်ဖြန့်ဖြူးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် စစ်ဆေးသည့်သတင်း

ရန်ကုန်တိုင်းဒေသကြီး ၊ လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးတိုးတက်ဖြန့်ဖြူးနိုင်ရေး အတွက် အလုံမြို့နယ်ရှိ ဓာတ်အားကွပ်ကဲရေးဦးစီးဌာန (Load Dispatch Center) ၊ မရမ်းကုန်း မြို့နယ်ရှိ ၂၃၀/၆၆/၁၁ ကေဗွီ၊ ၂x၁၂၅ အမ်ဗွီအေ ဘုရင့်နောင်ဓာတ်အားခွဲရုံ ၊ လှိုင်သာယာ မြို့နယ်ရှိ ၂၃၀/၃၃/၁၁ ကေဗွီ၊ ၁၀၀ အမ်ဗွီအေ ကနောင်ဓာတ်အားခွဲရုံ၊ ၂၃၀/၃၃/၁၁ ကေဗွီ၊ ၂x၁၀၀အမ်ဗွီအေ လှိုင်သာယာဓာတ်အားခွဲရုံ နှင့် ရွှေလင်ပန်းစက်မှုဇုန် တို့သို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါလျက် ၂၉-၁၂-၂၀၁၇ ရက်နေ့တွင် ရောက်ရှိစစ်ဆေးခဲ့ပါသည်။

အလုံမြို့နယ်ရှိ ဓာတ်အားကွပ်ကဲရေးဦးစီးဌာန (Load Dispatch Center) မှာ ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသော ဓာတ်အားများကို မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများမှတဆင့် တည်ငြိမ်စွာ ဖြန့်ဖြူးနိုင်ရေးအတွက် ဝန်ထမ်းများမှ (၂၄)နာရီ ကာလပတ်လုံး ထိန်းညှိမောင်းနှင်လျက် ရှိပါသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားကို ဗို့အားပြည့်မီစွာနှင့် တည်ငြိမ်စွာ ဖြန့်ဖြူးနိုင်ရေးအတွက် ဆောင်ရွက် ပေးလျက်ရှိပါသည်။

မရမ်းကုန်းမြို့နယ်ရှိ ဘုရင့်နောင်ဓာတ်အားခွဲရုံ တွင် ဝန်အားတိုးတက် သုံးစွဲလာမှုအရ ၂၃၀/၆၆/၁၁ ကေဗွီ၊ ၁၀၀အမ်ဗွီအေ မှ ၂၃၀/၆၆/၁၁ ကေဗွီ ၁၂၅အမ်ဗွီအေ သို့ အစားထိုး တပ်ဆင်ခြင်းအား ဆောင်ရွက်ခဲ့ရာ (၃၀-၁၀-၂၀၁၇)ရက်နေ့ တွင်တည်ဆောက်ပြီးစီး၍ ဓာတ်အား ပို့လွှတ်ခဲ့ပြီးဖြစ်ပါသည်။ ထပ်မံ၍ ၂၃၀/၆၆/၁၁ ကေဗွီ၊ ၁၂၅ အမ်ဗွီအေ ကို တိုးချဲ့ တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးဖြစ်သဖြင့် ဓာတ်အားစမ်းသပ် ပို့လွှတ်ထားပြီး မကြာခင်ကာလအတွင်း ဓာတ်အားဖြန့်ဖြူးပေး သွားမည် ဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းများပြီးစီးပါက ကမာရွတ်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဗဟန်း(အနောက်ပိုင်း)မြို့နယ်၊ လှိုင်မြို့နယ်(အနောက်ပိုင်း)၊ မရမ်းကုန်း မြို့နယ်နှင့် အင်းစိန်မြို့နယ်(မြောက်ပိုင်း)တို့အား ဓာတ်အားပိုမိုပြည့်ဝစွာဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါသည်။

လှိုင်သာယာမြို့နယ်ရှိ ၂၃၀/၃၃/၁၁ ကေဗွီ၊ ၁၀၀ အမ်ဗွီအေ ကနောင်ဓာတ်အားခွဲရုံမှာ (၁၃-၇-၂၀၁၇)နေ့တွင် တည်ဆောက်ပြီးစီး၍ ဓာတ်အားပို့လွှတ်ခဲ့ပြီး လှိုင်သာယာမြို့နယ် ၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဒလမြို့နယ် ၊ တွံတေးမြိုနယ် ၊ ကွမ်းခြံကုန်းမြို့နယ် ၊ ကော့မှူး မြို့နယ် ၊ကြည့်မြင်တိုင်မြို့နယ် ၊ တံတားမြို့နယ် နှင့် လှိုင်သာယာစက်မှုဇုန်တို့အား ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပါသည်။ လက်ရှိတွင်ဝန်အားတိုးတက်သုံးစွဲလာမှုအရ ၂၃၀/၃၃/၁၁ကေဗွီ၊ ၁၅၅အမ်ဗွီအေကို ထပ်မံတိုးချဲ့ဖြန့်ဖြူးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

လှိုင်သာယာမြို့နယ်ရှိ ၂၃၀/၃၃/၁၁ ကေဗွီ၊ ၂x၁၀၀အမ်ဗွီအေ လှိုင်သာယာဓာတ်အား ခွဲရုံမှာ လှိုင်သာယာမြို့နယ်၊တွံတေးမြိုနယ်၊ လှိုင်သာယာစက်မှုဇုန်တို့အား ဓာတ်အားဖြန့်ဖြူး ပေးလျက်ရှိပါသည်။ လက်ရှိတွင်ဝန်အား တိုးတက်သုံးစွဲလာမှုအရ ၂၃၀/၃၃/၁၁ကေဗွီ၊ ၁၅၅ အမ်ဗွီအေ ကို ထပ်မံတိုးချဲ့ဖြန့်ဖြူးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် လှိုင်သာယာမြို့နယ်အတွင်းရှိ စက်မှုဇုန်တွင် လက်ရှိဗို့အား အခြေအနေ နှင့် ရပ်ကွက်နေပြည်သူများ ဓာတ်အားသုံးစွဲမှု အခြေအနေများကိုစစ်ဆေး၍ ဗို့အားအတက်အကျ ဖြစ်ပွားမှုများကို ထိန်းညှိဆောင်ရွက်ပေးခြင်းများ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

Post under by : Ministry Office
29-Dec-2017