မယ်စဲ့မြို့သည် ကယားပြည်နယ်အတွင်းရှိ ထိုင်းနိုင်ငံနှင့် ကပ်လျက်ရှိသော နယ်စပ်မြို့ဖြစ်ပါ သည်။ ရာသီဥတုအနေဖြင့် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး မိုးရေချိန် ပျမ်းမျှ ၄၃.၀၄ လက်မခန့် ရွာသွန်းပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၅၀ ပေတွင် တည်ရှိပါသည်။ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ ဗမာ၊ ရခိုင် လူမျိုးများ နေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့် အသက် မွေးဝမ်းကျောင်းဆောင်ရွက်ကြပါသည်။
မယ်စဲ့မြို့ကို ၁၉၉၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစ၍ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် ညပိုင်း အချိန်အပိုင်းဖြင့်သာ ဓာတ်အားဖြန့်ဖြူးပေးခဲ့ရပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လျှပ်စစ်ဓာတ်အား ရရှိရေးလုပ်ငန်းကိုလည်း ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိရာတွင် ထိုင်းနိုင်ငံနှင့် နယ်စပ် ကုန်သွယ်ရေးမြို့ ဖြစ်လာမည့် မယ်စဲ့မြို့ဓာတ်အားပြည့်ဝစွာ ရရှိရေးကိုလည်း ဆောင်ရွက်ခဲ့ပါသည်။
မယ်စဲ့မြို့ကို နိုင်ငံတော်ဓာတ်အားစနစ်က ဓာတ်အားရရှိရေးအတွက် ဖားဆောင်း - မယ်စဲ့ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၃၈ မိုင် တည်ဆောက်ပြီး မယ်စဲ့မြို့တွင် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၅ ခုနှစ် မတ်လ ၆ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့သည်။ ဖားဆောင်း-မယ်စဲ့ဓာတ်အားလိုင်းတည်ဆောက်ရာတွင် မြစ်ချောင်း၊ တောင်ကုန်း၊ လျှိုမြောင်တောတန်း တစ်လျှောက်တည်ဆောက်ရသောလုပ်ငန်းဖြစ်၍ ခက်ခဲလှပေသည်။ မြစ်ကူးတာဝါတိုင်များဖြင့် သံလွင် မြစ်ကြီးကိုကျော်ဖြတ်၍ လိုင်းဆွဲခဲ့ရပါသည်။ လူမသယ်နိုင် စက်မကယ်နိုင်သော တောင်ကုန်း လျှိုမြောင် များအတွင်းသို့ ဓာတ်အားလိုင်းကွန်ကရစ်တိုင်များကို ဆင်များဖြင့် ဆွဲသွင်းစိုက်ထူရပေသည်။ မာကျော သောကျောက်တောင် ကျောက်သားမြေ များပေါ်တွင် တိုင်ကျင်းများ ထွင်းဖောက်ကာ တိုင်စိုက်ခြင်းများ ပြုလုပ်ခဲ့ရပေသည်။
ဓာတ်အားလိုင်းများ တည်ဆောက်ရာတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူ များကိုယ်တိုင် ကွင်းဆင်းကြီးကြပ်ကာ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လျှပ်စစ်ဝန်ထမ်းများ ပါဝင် သော အဖွဲ့ ၈ ဖွဲ့၊ ပြင်ပလျှပ်စစ်တည်ဆောက်ရေးအဖွဲ့ ၇ ဖွဲ့၊ လူအင်အား ၃၀၀ ကျော် ဖြင့် နေ့မအား၊ ညမနားတည်ဆောက်ခဲ့ကြသည်။ နေ့အချိန်တွင် ဓာတ်အားလိုင်းတည်ဆောက်ခဲ့ရပြီး ညအချိန်တွင်လိုင်း တည်ဆောက်ရေးပစ္စည်းများကို ကြိုတင်ပြင်ဆင်ခြင်း၊ သံလက်တန်းများ ဖြတ်ဖောက်လုပ်ခြင်းများဖြင့် အချိန်ကိုလု၍ ဆောင်ရွက်ခဲ့ကြရသည်။ အပူချိန် ၄၅ ဒီဂရီဖာရင်ဟိုက်အထိ ပူပြင်းသော မယ်စဲ့နွေရာသီ ၏ နေအပူရှိန်ကို အံတုကာ ချွေးမြေကျအောင် ဆောင်ရွက်ခဲ့ကြသည်။ နေကပူ တောမီးကပူသည့် ကြား ထဲတွင် တောမီးကြောင့် ထွက်လာသော ပတူကောင်များ အတုတ်ခံရ၍ ဆေးရုံတက်ရသူလည်း ရှိသည်။ လုပ်ငန်းအဖွဲ့အလိုက် တာဝန်ကိုယ်စီသတ်မှတ်ထားရာ တာဝန်များ အမြန်ပြီးပြတ်ရေးအတွက် ညအချိန် တွင် ဓာတ်မီးများဖြင့် တိုင်ပေါ်တက်၍ ဆောင်ရွက်ခဲ့ကြရသည်။
လျှပ်စစ်ဝန်ထမ်းများ၏ နေ့မအား၊ ညမနား ဇွဲ၊ လုံ့လ ၊ ဝီရိယ ရှိစွာဖြင့် ပင်ပန်းခံခဲ့ရခြင်း၏ အကျိုးရလဒ်ကို ရရှိခဲ့ကြပေပြီ။
၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မယ်စဲ့မြို့ သည် နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် မီးလင်းခဲ့ပြီ။
မြစ်ကိုဖြတ်၊ တောင်ကိုကျော်တောကိုနင်း၍ ၃၃ ကေဗွီဓာတ်အားလိုင်း ၃၈မိုင်ကို တစ်လအတွင်း အောင်မြင်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြပေပြီ။ ဘုရား၊ ကျောင်း၊ လမ်းနှင့် အိမ်ယာများအား ဓာတ်အားစနစ်ဖြင့် မီးအပြည့်အဝ သုံးစွဲနိုင်ကြပါပြီ။
ဓာတ်အားလွှတ်သောနေ့တွင်……“ဆရာ ………. ဘာဖြစ်လို့ ငိုနေတာလဲ”
“ဟ….. ငါငိုနေတာမဟုတ်ဘူး….. ဝမ်းသာလွန်းလို့ မျက်ရည်ကျမိတာကွ”
ချွေးမြေကျအောင် တည်ဆောက်ခဲ့ရမှုအတွက် မျက်ရည်ကျအောင် ဝမ်းသာခဲ့ကြသော လျှပ်စစ် ဝန်ထမ်းများ၏ ပီတိပင်……….
“ကျုပ်တစ်သက် အခုလို ချက်ခြင်း …… လျှပ်စစ်မီးတွေ လင်းလာတာကို ယုံတောင် မယုံနိုင် ပါဘူး… အိမ်မက်များလား ….. လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ နိုင်ငံတော်ကို ကျေးဇူး တင်လိုက်တာ” ဟု ……… အဘိုးအို တစ်ဦး၏ …… “ရင်တွင်း ဖွင့်ဟ စကားသံ”
မယ်စဲ့မြို့နေတိုင်းရင်းသားပြည်သူများအားလုံးပျော်ရွှင်နေကြပေပြီ……ကလေးများ၏ပျော်ရွှင်မှု အသံများနှင့် ဘဝဂ်ညံနေကြပေပြီ..
မယ်စဲ့မြို့ ဓာတ်အားရရှိရေးတွင် ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များ ၏ ကူညီ ပံ့ပိုးပေးမှုများသည်လည်း လုပ်ငန်းအောင်မြင်မှုအတွက် အရေးပါလှပေသည်။ ရိက္ခာဆန်၊ သောက်ရေသန့် ၊ ဆေးပစ္စည်း ၊ ဆေးစိမ်ခြင်ထောင် စသည်ဖြင့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့မှု လုပ်ငန်းခွင် အခက်အခဲများ ကူညီဖြေရှင်းပေးခဲ့သည်။ တည်ဆောက်ရေး လုပ်ငန်းခွင် ဒဏ်ရာရသူများ ဖျားနာသူများကို မယ်စဲ့ ဆေးရုံက ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
မယ်စဲ့မြို့သို့ ရောက်ရှိနေပြီဖြစ်သော လျှပ်စစ်ဓာတ်အားကို မယ်စဲ့မြို့မှ တဆင့် အနီးပတ်ဝန်းကျင် ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိရာ မယ်စဲ့မြို့နယ် တစ်ခုလုံး လျှပ်စစ်အလင်းရောင်များ ဝေဖြာ၍ ဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ပေသည်။
နိုင်ငံတော်အနေဖြင့် မယ်စဲ့မြို့နည်းတူ ဓာတ်အား မရရှိသေးသော မြို့ …. ကျေးရွာများ ဓာတ်အားရရှိရေးကိုလည်း နိုင်ငံတော်၏ ဘဏ္ဍာငွေ ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အထောက်အပံ့ ချေးငွေများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
ဝေယံ