၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ( ၁၃ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နှစ်အလိုက် တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ရေး အထူးအလေးထား ဆောင်ရွက် လျက်ရှိရာ ဓာတ်အားပေးစက်ရုံအသစ်များ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့ တည်ဆောက်ခြင်းနှင့် စက်စွမ်းရည်ကျဆင်းနေသည့် ဓာတ်အားပေးစက်ရုံများအား အဆင့် မြှင့်တင် ပြင်ဆင်ခြင်းတို့ကို နိုင်ငံပိုင်ဘတ်ဂျက်မှ ကျခံဆောင်ရွက်ခြင်း၊ ပြည်ပချေးငွေ အထောက်အပံ့ရယူခြင်းများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စလေကျေးရွာအုပ်စု၊ ဆည်တော်ကျေးရွာမှ ၂ မိုင်ခန့်အကွာ ချောင်းမကြီးချောင်းပေါ်တွင် တည်ဆောက်ထားသည့် စက် ၁ လုံးလျှင် (၁၂.၅) မဂ္ဂါဝပ် စက် ၂ လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား (၂၅) မဂ္ဂါဝပ် ထုတ်လုပ်ပေးလျက်ရှိသည့် ဆည်တော်ကြီးဓာတ်အားပေးစက်ရုံအား ဂျပန်နိုင်ငံ ODA ချေးငွေဖြင့် အလုံးစုံပြုပြင်မွမ်းမံရေး ဆောင်ရွက်မည့်အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် စက်ရုံမှူးတို့မှ စက်ရုံဆိုင်ရာ အချက် အလက်များ၊ နှစ်အလိုက် ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် စက်မောင်းနှင် နေမှုအခြေအနေများ၊ ဂျပန်နိုင်ငံ ODA ချေးငွေဖြင့် အလုံးစုံ ပြုပြင်မွမ်းမံရေး ဆောင်ရွက် မည့်အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်ချက် များအား မှာကြားခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း စက်ရုံမှထွက်ရှိလာသော ဓာတ်အား များကို ၁၃၂ ကေဗွီ ဓာတ်အားလိုင်း ၂ လိုင်းဖြင့် အောင်ပင်လယ်ခွဲရုံနှင့် ကျောက်ပုထိုးခွဲရုံ များမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် ပင်မတမံပေါ်သို့ရောက်ရှိပြီး တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
ဆည်တော်ကြီးဓာတ်အားပေးစက်ရုံစီမံကိန်းအား ၁၉၈၄ ခုနှစ်၊ ဇွန်လတွင် စတင် တည်ဆောက်ခဲ့ပြီး ၁၉၈၉ ခုနှစ်၊ မေလတွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။ ယခုအခါ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံ၏ သက်တမ်းမှာ (၂၈) နှစ်တာကာလ ရှိပြီဖြစ်ပြီး ဒီဇိုင်းအရ ထုတ်လုပ်နိုင်မှုမှာ ကီလိုဝပ်နာရီ (၁၃၄) ယူနစ်သန်း ဖြစ်သော်လည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် (၁၁၇.၂၆) ယူနစ်သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် (၁၀၉.၃၂၃) ယူနစ် သန်းသာ ထုတ်လုပ်နိုင်ခဲ့သဖြင့် တစ်နှစ်ထက်တစ်နှစ် ထုတ်လုပ်မှုလျော့နည်းလျက်ရှိပါသည်။ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ၏ တာဘိုင်၊ ဂျင်နရေတာ၊ လျှပ်စစ်စက်မှု ပစ္စည်းများ၏ သက်တမ်းကို ယေဘုယျအားဖြင့် နှစ် (၃၀) သတ်မှတ်ပြီး ၁၀ နှစ်လျှင် ၁ ကြိမ် အကြီးစား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ပြုလုပ်ရမည်ဖြစ်သည်။ သို့သော် ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံရှိ စက်များမှာ နှစ်ပေါင်း (၃၀) နီးပါး ကြာမြင့်နေပြီဖြစ်သော်လည်း အလုံးစုံပြုပြင်မွမ်းမံခြင်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့၍ ယခုအခြေအနေအတိုင်း ဆက်လက် မောင်းနှင်မည်ဆိုပါက ၁ နှစ် သို့မဟုတ် ၂ နှစ်အတွင်း ဓာတ်အားပေးစက်များ၏ စက်ပစ္စည်း အစိတ်အပိုင်းများမှာ ကြီးကြီးမားမား ချို့ယွင်းမှုများဖြစ်ပေါ်လာနိုင်ပြီး စက်များ ပြန်လည်ပြုပြင်နိုင်ရေးနှင့် စက်ပစ္စည်း အစိတ်အပိုင်းများ လဲလှယ်နိုင်ရန် အရံပစ္စည်းများ စျေးကွက်တွင် ဝယ်ယူရန်ခက်ခဲခြင်းတို့ကြောင့် ကာလရှည်ကြာစွာ ရပ်တန့်ထားရမည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ပြီး ဓာတ်အားထုတ်လုပ်မှုကိုများစွာ ထိခိုက်နစ်နာစေမည် ဖြစ်ကာ ပြည်သူများ ဓာတ်အားသုံးစွဲမှုကိုလည်း ကာလကြာမြင့်စွာ လျော့နည်းစေမည် ဖြစ်ပါသည်။ ယခုကဲ့သို့ အချိန်မီပြုပြင်မွမ်းမံမှု ဆောင်ရွက်ခြင်းအားဖြင့် ဓာတ်အားပေး စက်များအား နောက်ထပ် နှစ်ပေါင်း (၂၀) ခန့် ယုံကြည်စိတ်ချစွာဖြင့် စက်စွမ်းအားပြည့် စဉ်ဆက်မပြတ် ဓာတ်အား ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံ၏ ဓာတ်အားလိုအပ်ချက်ကို အထောက်အကူပြု ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံ ODA ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ အလုံးစုံပြုပြင်မွမ်းမံရေးစီမံကိန်းတွင်ပါဝင်သော ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံ၏ စက်အမှတ် (၂) ကို ၂၀၂၂ ခုနှစ် မိုးတွင်းကာလတွင် လည်းကောင်း၊ စက်အမှတ် (၁) ကို ၂၀၂၄ ခုနှစ် မိုးတွင်းကာလတွင်လည်းကောင်း အလှည့်ကျ ရပ်တန့် ပြုပြင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး မိုးရာသီကာလတွင် ရေလှောင်တမံများသို့ ရေများများ ဝင်ရောက်ခြင်းကြောင့် အခြားသော ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားအပြည့်အဝ ထုတ်လုပ်ပေးနိုင်ချိန်တွင် အလုံးစုံပြုပြင် မွမ်းမံမှုများကို ပြုလုပ်မည် ဖြစ်သည့်အတွက် လျော့နည်းသွားသောဓာတ်အားကြောင့် ဓာတ်အားစနစ်အတွင်း ဓာတ်အား လိုအပ်မှုမဖြစ်ပေါ်စေရန် စနစ်တကျ စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။