The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်း လျှပ်စစ်နှင့် စွမ်းအင်ကိစ္စရပ်များ ကြည့်ရှုစစ်ဆေး

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (  ၂၁ )  ရက်           

                ကယားပြည်နယ် ဘီလူးချောင်း အမှတ် (၁)၊ (၂)နှင့် (၃) ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံတို့မှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော်ဓာတ်အား စနစ်သို့ ပို့လွှတ်ဖြန့်ဖြူးပေးထားရာမှ ကယားပြည်နယ်အတွင်းရှိ မြို့၊ ရွာများသို့ လျှပ်စစ် ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရန်နှင့် ကယားပြည်နယ်အတွင်းရှိ ပြည်သူလူထုများ လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာစေရန်အတွက် ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ၁၃၂ ကေဗွီ လွိုင်ကော်ပင်မ ဓာတ်အားခွဲရုံသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် တာဝန်ရှိသူများနှင့်အတူ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

                ဓာတ်အားခွဲရုံမှူးမှ ပင်မဓာတ်အားခွဲရုံ၏ လျှပ်စစ်ဓာတ်အား လက်ခံဖြန့်ဖြူးပေး နေမှု၊ ဝန်အားအခြေအနေနှင့် ဓာတ်အားခွဲရုံဆိုင်ရာအချက်အလက်များအား တင်ပြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ ထွန်းလှိုင်နှင့် ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တို့နှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ စံကားဒေသ ရောက်ရှိပြီး စံကားဒေသလျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ နှင့် ၆၆ ကေဗွီ ဓာတ်အားလိုင်း ၂၂.၃ မိုင် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မည့်နေရာတွင် ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

                ရှေးဦးစွာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှ စံကားဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်း ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်း တင်ပြပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ရှမ်းပြည်နယ်၊ စံကားဒေသသို့ ဓာတ်အား စနစ်မှ ဓာတ်အားရရှိရေးအတွက် ၆၆ ကေဗွီ အင်းလေးဟိုတယ်ဇုံ-စံကားဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းအား စတင်အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်ခဲ့ရမှုအခြေအနေ၊ စံကားဒေသသို့ လျှပ်စစ်ဓာတ်အားရရှိရေး နှောင့်နှေးခဲ့ရသည့် အတွက် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနကိုယ်စား နားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် စီမံကိန်းပြီးစီးရေးအတွက် နှစ်စဉ်ရန်ပုံငွေများ ထည့်သွင်းလျာထားဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဒေသခံများဘက်မှလည်း စီမံကိန်းပြီးစီးရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

                ထို့နောက် အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ ထွန်းလှိုင်၊ ရှမ်းပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့မှ စံကားဒေသသို့ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများအား ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူ တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဓာတ်အားခွဲရုံတည်ဆောက်မည့်နေရာတွင် လုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

                ရှမ်းပြည်နယ်၊ စံကားဒေသသို့ ဓာတ်အားစနစ်မှ ဓာတ်အားရရှိရေးအတွက် ၆၆ ကေဗွီ အင်းလေးဟိုတယ်ဇုံ-စံကားဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းအား လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့ မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက ညောင်ရွှေမြို့နယ်၊ စံကားဒေသ နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ၁၁၇ ရွာ၊ အိမ်ထောင်စု ၇၇၁၃ စုတို့ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်တော့မည်ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
21-Oct-2018