The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်အား ဓာတ်အားပိုမိုဖြန့်ဖြူးပေး နိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် POSCO Daewoo Corporation တို့ ပူးပေါင်း၍ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

 

 

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ( ၈ ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်သူများနှင့် စက်မှုလက်မှုလုပ်ငန်း များတွင် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးနိုင်ရေး  ဆောင်ရွက်လျက်ရှိရာ ယခုလက်ရှိ တွင် တစ်နိုင်ငံလုံး၏ ၄၂ % အားလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားပြီး ဖြစ်ရာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၀ % ဓာတ်အား ပေးနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်မှု များရှိသကဲ့သို့ ဓာတ်အားစနစ် နှင့် ဝေးကွာသောဒေသများ လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေးအတွက်  နေရောင်ခြည် စွမ်းအင်အသုံးပြု၍ ဓာတ်အားပေးခြင်း၊ ဒီဇယ်ဓာတ်အားပေးစက်များ၊ အသေးစား ရေအား လျှပ်စစ်ဓာတ်အားပေးစက်များဖြင့် ဓာတ်အားပေးနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

          အဆိုပါဓာတ်အားစနစ်နှင့် ဝေးကွာသောဒေသများအား လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်နေသည့် လုပ်ငန်းများအနက် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင် မြို့နယ်ကို နေရောင်ခြည်စွမ်းအင် အသုံးပြု၍ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေသည့်လုပ်ငန်း မှာလည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။

          ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်အား ဓာတ်အားပိုမိုဖြန့်ဖြူးပေး နိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် POSCO Daewoo Corporation တို့ ပူးပေါင်း၍ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့၊ ၁၂:၀၀ နာရီအချိန်တွင် အဆိုပါဓာတ်အားပေးစက်ရုံ အကောင် အထည်ဖော် တည်ဆောက်မည့်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

        အခမ်းအနားသို့  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊  မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်နု (ခ) ဦးတင်နုအောင်၊ မာန်အောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) နှင့် အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းမောင်နှင့် ဦးဖိုးနွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတ နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Dong Woo Yang ၊ POSCO Daewoo Corporation ၏ အမှုဆောင်အရာရှိချုပ် Mr. Young Sang Kim နှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ကျေးရွာအုပ်စု ၃၆ အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၃၇ ရွာရှိကြောင်း၊ လက်ရှိတွင် မြို့ပေါ်ရပ်ကွက် ၅ ခုနှင့် မြို့နှင့် တဆက်တည်းရှိသည့် ကုန်းတန်းရွာအထိ အိမ်ထောင်စု ၁၀၀၂ စုကို ၅၀၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက် ၂ လုံးဖြင့် တစ်ရက်လျှင် ၆ နာရီကြာ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိရာမှ ၂၄ နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာ မာန်အောင်မြို့သည် ကျွန်းမြို့တစ်မြို့ဖြစ်ပြီး ပင်လယ်ပြင်အား ဖြတ်သန်း သွားလာရသဖြင့် ဓာတ်အားစနစ်မှ ဓာတ်အားလိုင်းများ သွယ်တန်းကာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးရန် ငွေကြေးအကုန်အကျများသောကြောင့်  ရခိုင်ပြည်နယ်အတွင်း ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားရရှိသုံးစွဲနေသော အခြားမြို့များနည်းတူ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရန်အတွက် လျှပ်စစ် ဓာတ်အားပေးနိုင်မည့် နည်းလမ်းများအား ကြိုးစားရှာဖွေခဲ့ကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် POSCO Daewoo Corporation တို့ ပူးပေါင်း၍ မာန်အောင်မြို့အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အတွင်း လေ့လာဆန်းစစ်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း၊ လေ့လာမှုများအရ Hybrid System - ဆိုလာ၊ ဒီဇယ်နှင့် စွမ်းအင်သိုလှောင်မှုစနစ် (Energy Storage System - နေရောင်ခြည်မှ ရရှိသော စွမ်းအင်ကို နေ့အခါသိုလှောင်၍ ညအချိန်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်သော နည်းလမ်း) သည် အသင့်တော်ဆုံးဟု သိရှိခဲ့ရပါကြောင်း၊ ၎င်းနည်းလမ်းသည် Energy Storage System ဖြစ်၍ အကောင်းဆုံးနည်းလမ်းဖြစ်ကာ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ဆောင်ရွက်ခဲ့သည့် စီမံကိန်းဖြစ်ကြောင်း၊ မာန်အောင်မြို့နယ်အား လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေး နိုင်ရန်အတွက် အပိုင်း ၃ ပိုင်းခွဲ၍ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အပိုင်း (၁) အနေဖြင့် လက်ရှိ ဓာတ်အားသုံးစွဲနေသော အိမ်ထောင်စု ၁၀၀၂ စုအား ဆိုလာ၊ ဒီဇယ်နှင့် စွမ်းအင်သိုလှောင်မှုစနစ်ဖြင့် ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် PV (0.5) MW အား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ်၊ မေလအထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စီမံကိန်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂.၅ သန်းကို  ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းတွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက် ရှိသော POSCO Daewoo Corporation ၏ CSR ရန်ပုံငွေမှ ကျခံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အပိုင်း(၂)အနေဖြင့် မာန်အောင်မြို့နယ်၊ ကျေးရွာ ၅၇ ရွာရှိ အိမ်ထောင်စု ၄၉၃၈ စုကို ဆိုလာ၊ ဒီဇယ်နှင့် စွမ်းအင်သိုလှောင်မှု စနစ်ဖြင့် ၂၄ နာရီ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် PV (2.5) MW အား ချေးငွေဖြင့် ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး ချေးငွေရရှိပါက ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အပိုင်း (၂) တွင်ပါဝင်သော ကျေးရွာပေါင်း ၅၇ ရွာကို (Hybrid System) ဖြင့် လျှပ်စစ်ဓာတ်အားရရှိချိန်တွင် အသင့် ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်ကာ ပြည်နယ်အစိုးရရန်ပုံငွေ(၃၅၉၉.၉၉၈) ကျပ်သန်း ဖြင့် ကျေးရွာ ၄၈ ရွာအတွက် ၁၁ ကေဗွီလိုင်း (၃၀.၉) မိုင် ၊ ၄၀၀ ဗို့လိုင်း (၄၁.၁၂) မိုင်၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၄၇ လုံး၊ ၁၆၀ ကေဗွီအေ ထရန်စဖော်မာ ၂ လုံး၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၂ လုံး၊ စုစုပေါင်း ထရန်စဖော်မာ ၅၁ လုံး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရရန်ပုံငွေ (၂၈၃.၂၅) ကျပ်သန်းဖြင့် ကျေးရွာ ၅ ရွာ အတွက် ၁၁ ကေဗွီလိုင်း (၃.၅) မိုင်၊ ၄၀၀ ဗို့လိုင်း (၂.၅) မိုင်၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံး၊ ၁၆၀ ကေဗွီအေ ထရန်စဖော်မာ (၁) လုံး၊ စုစုပေါင်း ထရန်စဖော်မာ ၂ လုံး၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရရန်ပုံငွေ (၃၄၀.၀၉) ကျပ်သန်း ဖြင့် ကျေးရွာ ၃ ရွာအတွက် ၁၁ ကေဗွီလိုင်း (၄.၃) မိုင်၊ ၄၀၀ ဗို့လိုင်း (၃.၅) မိုင်၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၃ လုံးတို့ကို ကြိုတင်တည်ဆောက်ထားရှိပြီးဖြစ်သည့်အပြင် လျာထားချက်အတိုင်း အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ အပိုင်း (၂) ပြီးပါက အပိုင်း (၃) အနေဖြင့် မာန်အောင်မြို့နယ်တွင် ကျန်ရှိသည့် ကျေးရွာ ၈၀ ရွာရှိ အိမ်ထောင်စု ၇၈၅၀ စု အား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုမှ ဂုဏ်ပြုအမှာစကား ပြောကြား ခဲ့ပြီး POSCO Daewoo Corporation ၏ အမှုဆောင်အရာရှိချုပ် Mr. Young Sang Kim မှ ဓာတ်အားပေးစက်ရုံ အကောင်အထည်ဖော် တည်ဆောက်သွားမည့် အခြေအနေ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်နု (ခ) ဦးတင်နုအောင်နှင့် ဒေသခံတစ်ဦးဖြစ်သူ ဦးကျော်မြ တို့မှ စီမံကိန်းဆောင်ရွက်ရာတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ပြန်လည် ပြောကြားခဲ့ကြပါသည်။

          ထို့နောက် POSCO Daewoo Corporation မှ လူမှုရေးတာဝန်သိမှု (CSR) လုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်းဗွီဒီယိုအား ပြသခဲ့ပြီး ပန္နက်တင် မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်နု (ခ) ဦးတင်နုအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Dong Woo Yang ၊ POSCO Daewoo Corporation ၏ အမှုဆောင်အရာရှိချုပ် Mr. Young Sang Kim နှင့် ဒေသခံတစ်ဦးဖြစ်သူ ဦးကျော်မြ တို့မှ မင်္ဂလာအချိန်တွင် ထောင့် ၈ ထောင့်၌ ပန္နက်ရိုက်ခြင်း မင်္ဂလာအား ကျင်းပပြုလုပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်နှင့် ဝေးကွာသော ဒေသများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင် မြို့နယ်အား နေရောင်ခြည်မှရရှိသောစွမ်းအင်ကို နေ့အခါသိုလှောင်၍ ညအချိန်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သောနည်းလမ်းကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး နိုင်တော့မည်ဖြစ်သဖြင့် အဆိုပါဒေသရှိ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားကို ၂၄ နာရီ အချိန်ပြည့် ရရှိသုံးစွဲလာနိုင်မည် ဖြစ်ကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး အသေးစား အလတ်စား စက်မှုလက်မှု လုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် တစ်ဦးချင်းဝင်ငွေများ တိုးတက်လာမည် ဖြစ်ပါသည်။ ထို့အတူ လျှပ်စစ်ဓာတ်အား တိုးတက် ရရှိလာသည်နှင့်အမျှ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍအားလုံးတွင် ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
09-Dec-2018