The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၆၆ ကေဗွီ၊ ရသေ့တောင်-ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်း (၄၂.၃) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ (၅)အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (  ၁၉ ) ရက်

 

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ၆၆ ကေဗွီ၊ ရသေ့တောင်-ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်း (၄၂.၃) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေ မောင်တော ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့ အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရခိုင်ပြည်နယ်လွှတ်တော်  ဒုတိယဥက္ကဋ္ဌ ဦးမြသန်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်တရားသူကြီးချုပ် ဦးကျောက်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူ များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပါသည်။

              ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ၆၆ ကေဗွီ၊ ရသေ့တောင်-ဘူးသီးတောင်-မောင်တောဓာတ်အားလိုင်း (၄၂.၃) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေ မောင်တော ဓာတ်အားခွဲရုံ ဖွင့်ပွဲနှင့် မောင်တောမြို့သို့ ဓာတ်အားစတင်ဖြန့်ဖြူးခြင်း အခမ်းအနားအထိမ်းအမှတ် ဂုဏ်ပြု အမှာစကား  ပြောကြားရာတွင် ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော ၆၆ ကေဗွီ ဓာတ်အားလိုင်း(၆၄.၅)မိုင်နှင့် ၆၆ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်းများ တည်ဆောက်ပြီးစီးသည့် အထိမ်းအမှတ်အနေနှင့် ၆၆ ကေဗွီ မောင်တောဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနား ကျင်းပနိုင်သည့်အတွက် အလွန်မင်္ဂလာရှိသည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ယခင်က ရသေ့တောင်မြို့ပေါ်မှာ အိမ်ထောင်စုပေါင်း (၁,၅၃၀)ကျော် ရှိသည့်အနက် အိမ်ထောင်စု(၉၈၆)စု ကိုသာ (၅၀၀)ကေဗွီအေ မီးစက်(၁)လုံးဖြင့် တစ်နေ့လျှင် (၅)နာရီခန့်၊ ဘူးသီးတောင်မြို့တွင် အိမ်ထောင်စုပေါင်း (၃,၃၇၄) ရှိသည့်အနက် အိမ်ထောင်စု (၁,၂၃၁) စုကို တစ်နေ့လျှင် (၉) နာရီခွဲခန့်၊ မောင်တောမြို့တွင် အိမ်ထောင်စုပေါင်း (၄,၄၇၆) ကျော်ရှိသည့်အနက် အိမ်ထောင်စု (၁,၇၉၉) စုကို တစ်နေ့လျှင် (၁၂)နာရီခန့်သာ မီးစက်များနှင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ရာမှ ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်းပင်မဓာတ်အားခွဲရုံမှ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင် ဓာတ်အား လိုင်း (၂၂.၂) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေ ရသေ့တောင်ဓာတ်အားခွဲရုံ၊ ၆၆ ကေဗွီ ရသေ့တောင်-ဘူးသီးတောင်ဓာတ်အားလိုင်း (၃၃.၅၆) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ (၂x၅) အမ်ဗွီအေ ဘူးသီးတောင်ဓာတ်အားခွဲရုံ၊ ၆၆ ကေဗွီ ဘူးသီးတောင်-မောင်တောဓာတ်အားလိုင်း (၉.၁) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေ မောင်တော ဓာတ်အားခွဲရုံများကို (၂၀-၁၂-၂၀၁၈) ရက်နေ့တွင် တည်ဆောက်ပြီးစီး၍ ရသေ့တောင်မြို့ပေါ်ရှိ အိမ်ထောင်စု (၁,၂၇၁)စုအပြင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ(၂၆)ရွာမှ အိမ်ထောင်စု (၁,၉၂၉)စုအားလည်းကောင်း၊ ဘူးသီးတောင်မြို့ပေါ်ရှိ အိမ်ထောင်စု(၁,၇၇၉)စုအပြင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ(၁၃)ရွာမှ အိမ်ထောင်စု(၂၅၉)စုအား လည်းကောင်း၊ မောင်တောမြို့ပေါ်ရှိ အိမ်ထောင်စု (၂,၁၈၀)စုအပြင် အနီးပတ်ဝန်းကျင်ရှိကျေးရွာ (၁၁)ရွာမှ အိမ်ထောင်စု (၃၈၉)စုအားလည်းကောင်း နိုင်ငံတော်ဓာတ်အားစနစ်မှ ၂၄ နာရီ ဓာတ်အား တိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ စီမံကိန်းတစ်ခုလုံးအတွက် ကုန်ကျစရိတ် စုစုပေါင်း ကျပ်(၂၀)ဘီလီယံကျော်ခန့် ကျခံသုံးစွဲ ဆောင်ရွက်ပေးခဲ့ကာ မောင်တောဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးပြီဖြစ်သည့်အတွက် ကြိမ်ချောင်းကျေးရွာအပါအဝင် ကျေးရွာ (၁၇)ရွာကို ဓာတ်အားပေးနိုင်ရန် JICA ODA ချေးငွေဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဓာတ်အားခွဲရုံ တည်ဆောက်ရေး (မြို့ပြ) လုပ်ငန်း (၃၀)% နှင့် ဓာတ်အားဖြန့်ဖြူးမည့် ဓာတ်အားလိုင်း တည်ဆောက်ရေးလုပ်ငန်း (၁၀)% ခန့် ဆောင်ရွက်ပြီးစီး​နေပြီဖြစ်ကြောင်း၊ အဆိုပါစီမံကိန်း တည်ဆောက်ပြီးစီးပါက ထပ်မံပြီး မီးသုံးသူအိမ်ထောင်စု (၂,၈၂၉)၊ လူဦးရေ (၂၁,၈၆၉)ဦး လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲလာနိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေးကို အားပေးတယ်ဆိုသည်မှာ ကျဉ်းကျဉ်းမြောင်းမြောင်းအနေဖြင့်မဟုတ်ဘဲ ပြည်ထောင်စုအတွက် အကျိုးရှိစေမည့် ကျယ်ဝန်းတဲ့အနေနှင့်ဖြစ်ပြီး တောင်တန်းတွင်နေသည့် လူမျိုးစုများသည် မည်သည့်နိုင်ငံတွင်ဖြစ်ဖြစ် ခံနိုင်ရည်ရှိသူများဖြစ်သဖြင့် ကြမ်းကြမ်းတမ်းတမ်း ဘဝကို ရင်ဆိုင်နေရသောကြောင့် စိတ်ပိုင်းဆိုင်ရာချည်းပဲ အားကိုးနေ၍မရဘဲ ရုပ်ပိုင်းဆိုင်ရာ ဘက်ကလည်း ပံ့ပိုးပေးဖို့လိုကြောင်း၊ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုအတွက် လုပ်ဆောင်နေသည့် ကိစ္စများအနက် ဦးစားပေးဆောင်ရွက်နေသည်မှာ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ် ဓာတ်အားရရှိရေးပင်ဖြစ်ပါကြောင်း၊ တစ်တိုင်းပြည်လုံး တစ်ကမ္ဘာလုံးနှင့် ဆက်သွယ်ရာတွင် လျှပ်စစ်ဓာတ်အားရှိခြင်းသည် အများကြီးအထောက်အကူပြုသဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးကို အဓိကထား၍ နိုင်ငံတော်မှ ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် ပြည်နယ်အတွင်းရှိ သဘာဝအရင်းအမြစ်များကိုအခြေခံပြီး သံတွဲမြို့တွင် သူဌေးရေအားလျှပ်စစ်စီမံကိန်း (၁၁၁ မဂ္ဂါဝပ်) ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အတွင်းတွင်လည်းကောင်း၊ ကျောက်ဖြူမြို့တွင် ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း (၁၃၅ မဂ္ဂါဝပ်) ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းတွင်လည်းကောင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ယခုအခါ ၂၃၀ ကေဗွီ ဗို့အားအဆင့်နှင့်သာ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေရသည့် အတွက် နောင်တိုးတက်သုံးစွဲလာမည့် ဝန်အားများကို နိုင်နင်းစွာ သယ်ဆောင်နိုင်ပြီး ဓာတ်အားလိုင်းများ ဝန်အားပြည့်ခြင်းနှင့် ဓာတ်အားလိုင်းတစ်လိုင်း အပြစ်ဖြစ်ပွားလျှင် System Breakdown ဖြစ်ပွားခြင်းစသည့် အားနည်းချက်များကို တတ်နိုင်သမျှ ကာကွယ်နိုင်ရန်အတွက် ပင်မကျောရိုးဓာတ်အားလိုင်း (Back Bone) အနေဖြင့် ၅၀၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများကို ဦးစားပေးအဆင့်များခွဲပြီး တည်ဆောက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်တစ်ဝှမ်းလုံးသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လည်းကောင်း၊ မီးစက်ကြီးများဖြင့်လည်းကောင်း ဓာတ်အားရရှိသုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ရခိုင်ပြည်နယ်တစ်ခုလုံးအနေဖြင့် အိမ်ထောင်စုဦးရေ (၄၅၉,၇၇၂)ဦးရှိသည့် အနက် မြို့ပေါင်း (၂၆)မြို့၊ ကျေးရွာပေါင်း (၁,၈၉၉)ရွာရှိ လျှပ်စစ်မီးသုံးစွဲနိုင်သည့် ဦးရေ (၉၅,၁၆၆) ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားနိုင်ခဲ့သည့်အတွက် ပြည်နယ်တစ်ခုလုံး၏ Electrification Ratio မှာ (၂၁)% ရှိနေပြီဖြစ်သလို ရခိုင်ပြည်နယ်အတွင်း ကျေးရွာပေါင်း (၃,၇၄၂) ရွာရှိသည့်အနက် (၁,၈၉၃)ရွာမှာ လျှပ်စစ်ဓာတ်အားရရှိပြီးဖြစ်သည့်အတွက် ပြည်နယ် တစ်ခုလုံး၏ ကျေးရွာမီးလင်းမှု Electrification Ratio မှာ (၅၀.၅၈)% ရှိနေပြီဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်မှာ ၂၀၁၄ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားကို (၁၅ မဂ္ဂါဝပ်) ခန့်သာ သုံးစွဲခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင်(၅၄ မဂ္ဂါဝပ်)အထိ တိုးတက်သုံးစွဲလာသည့်အတွက် ယခုထက် ပိုမိုတိုးတက် သုံးစွဲ လာနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင်ရခိုင်ပြည်နယ် ရှိ မာန်အောင်မြို့သည် ကျွန်းမြို့တစ်ခုဖြစ်ပြီး ပင်လယ်ပြင်အား ဖြတ်သန်းသွားလာရသဖြင့် ဓာတ်အားစနစ်မှ ဓာတ်အားလိုင်းများသွယ်တန်းကာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရန် ငွေကုန် ကြေးကျများပြားသောကြောင့် ဓာတ်အားပေးနိုင်မည့်နည်းလမ်းများကို ကြိုးစားရှာဖွေခဲ့ရာ  ဆိုလာ၊ ဒီဇယ်နှင့် စွမ်းအင်သိုလှောင်မှုစနစ်(ESS- Energy Storage System) ဖြင့် POSCO Daewoo Corporation နှင့်ပူးပေါင်း၍ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံကို လည်း ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ မေလတွင် ပြီးစီးနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းပြီးစီးပါက မာန်အောင်ဒေသရှိ ကျန်ရှိသည့် ကျေးရွာ(၈၀)ရွာရှိ အိမ်ထောင်စု (၇၈၅၀)စု ကိုလည်း လျှပ်စစ်ဓာတ်အားပေးနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ ရခိုင်ဒေသအနေဖြင့်  လျှပ်စစ်ဓာတ်အားရရှိမှုရာခိုင်နှုန်း (Electrification Ratio) ကို ၂၀၂၀ ခုနှစ်တွင် (၄၅.၄၂%) နှင့် ၂၀၂၅ ခုနှစ်တွင် (၇၅%) နှင့်အထက် တိုးတက်လာစေရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးမှလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်နှင့် ရခိုင်ပြည်နယ်အတွင်း လိုအပ်ချက်ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အား ရရှိရေးလုပ်ငန်းများကို နိုင်ငံတော်အနေဖြင့် ဦးစားပေးဆောင်ရွက်ပေးနေသဖြင့် ဤဒေသတွင် လူမှုစီးပွားဘဝများ၊ စက်မှုလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အပြင် စက်မှု လုပ်ငန်းများအတွက် ရင်းနှီးမြုပ်နှံသူများ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများကိုလည်း တိုးချဲ့ လုပ်ကိုင်လာနိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်၏ ရေထွက်ကုန်ပစ္စည်းများကို အဆင့်မြှင့်တင် ထုတ်လုပ်ပေးနိုင်ရေးတို့ကိုလည်း  ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့မှုအခြေအနေများနှင့် ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်ပေးမည့် အခြေအနေများအား  ရှင်းလင်းပြောကြားခဲ့ပြီး မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ပါသည်။

          ထို့နောက် ၆၆ ကေဗွီ၊ ရသေ့တောင်-ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်း (၄၂.၃) မိုင်၊ ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ ဖွင့်ပွဲနှင့် မောင်တောမြို့သို့ ဓာတ်အားစတင်ဖြန့်ဖြူးခြင်း အခမ်းအနား အထိမ်းအမှတ် ဖဲကြိုးအား ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ ရခိုင်ပြည်နယ်လွှတ်တော်  ဒုတိယဥက္ကဋ္ဌ ဦးမြသန်း၊ ပြည်နယ်တရားသူကြီးချုပ် ဦးကျောက်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်နှင့် ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပါသည်။

          ၄င်းနောက် ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ ကမ္ဗည်းကျောက်စာ အား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့မှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပါသည်။

           ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၉ ခုနှစ်၊   ဇန်နဝါရီလ   ၁၈  ရက်နေ့၊ ညနေပိုင်းတွင် စစ်တွေမြို့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌  ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင်လျှပ်စစ် အင်ဂျင် နီယာများ၊ မဟာဓာတ်အားလိုင်းမှူး၊ ဓာတ်အားခွဲရုံမှူးများနှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ် တောက်မှု မဖြစ်ပေါ် စေရေး၊ ရခိုင်ပြည်နယ်အတွင်း တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ် ချက်ကို ကြိုတင်တွက်ချက်၍ စီမံဆောင်ရွက်ထားရန်၊ ပြည်သူလူထုအတွက် အရည်အသွေး ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရန်နှင့် ဝန်ထမ်းများ အနေဖြင့်လည်း မိမိတို့ ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် အဂတိတရားကင်းရှင်းစွာ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် မိမိတို့ဝန်ကြီး ဌာန၏ ရည်မှန်းချက်အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်း ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

          ၎င်းနောက် ဓာတ်အားခွဲရုံမှူးများမှ ဓာတ်အားခွဲရုံအလိုက် ဓာတ်အားလက်ခံ ပို့လွှတ် ဖြန့်ဖြူးမှုအခြေအနေများကိုလည်းကောင်း၊ မဟာဓာတ်အားလိုင်းမှူး(အမ်း)မှ ဓာတ်အားလိုင်း များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ ခရိုင် လျှပ်စစ်အင်ဂျင်နီယာများမှ ခရိုင်အလိုက် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများအား ည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြပြီး ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှ ရခိုင် ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက် မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့မှ ဖြည့်စွက်ရှင်းလင်းတင်ပြ၍ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်မှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များ အား လမ်းညွှန်မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
19-Jan-2019