၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ( ၂၀ ) ရက်
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် အာဆီယံအင်ဂျင်နီယာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဆုတံဆိပ်များပေးအပ်ပွဲ၊ အလှူရှင်များအား ဂုဏ်ပြုလွှာပေးအပ်ပွဲနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အသင်းသားစုံညီ ညီလာခံအထိမ်းအမှတ် ညစာစားပွဲကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်၊ ညနေ ၆ နာရီအချိန်တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပပြုလုပ်ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကကြီးများ၊ မြန်မာနိုင်ငံကွန်ပြူတာအသင်းချုပ် နာယက ဦးသိန်းဦး၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာချာလီသန်း၊ AGTI Society ဥက္ကဋ္ဌ ဦးငြိမ်းအောင်နှင့် ဖိတ်ကြား ထားသော အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ အစိုးရဌာနနှင့် ကော်ပိုရေးရှင်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဗဟိုကော်မတီဝင်များ၊ အာဆီယံ အင်ဂျင်နီယာအဖွဲ့ချုပ် ဥက္ကဋ္ဌ Dr. Hiru Dewanto ၊ မလေးရှား အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ Ir. David Lai ၊ Asean Engineering Register (AER) Head Commissioner Prof. Dr. Ir Norlinda Binti Buniyamin နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် အာဆီယံအင်ဂျင်နီယာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုတံဆိပ် ရရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်၊ အာဆီယံအင်ဂျင်နီယာအဖွဲ့ချုပ် ဥက္ကဋ္ဌ Dr. Hiru Dewanto တို့က နှုတ်ခွန်းဆက် အမှာစကားများပြောကြားခဲ့ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌနှင့် အာဆီယံ အင်ဂျင်နီယာအဖွဲ့ချုပ် ဥက္ကဋ္ဌတို့က အာဆီယံအင်ဂျင်နီယာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဆုတံဆိပ်ရရှိသူများကိုလည်းကောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌနှင့် AER Head Commissioner တို့က အာဆီယံအင်ဂျင်နီယာမှတ်ပုံတင် လက်မှတ်ရရှိသူများကိုလည်းကောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌက မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်း ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုတံဆိပ်ရရှိသူများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက ထူထောင်ဖွင့်လှစ်သွားရန် ရှိသည့် Myanmar Engineering Society (MES) Academy အတွက် အင်ဂျင်နီယာ နည်းပညာဆိုင်ရာပညာရပ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် မလေးရှားအင်ဂျင်နီယာအသင်းတို့အကြား နားလည်မှု စာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးခဲ့ပြီး MES Academy မှ AGTI လက်မှတ် ရရှိပြီးနောက် ထိုက်သင့်သော လုပ်သက်ရှိပြီးသူများ မှတ်ပုံတင် အင်ဂျင်နီယာ လက်မှတ် ပိုမိုလျင်မြန်စွာ ရယူနိုင်ရန် အဆင့်မြင့် သင်ကြားပို့ချမှုများနှင့် Graduate နှင့် Diploma စာမေးပွဲများ ကျင်းပခြင်း၊ မှတ်ပုံတင် အင်ဂျင်နီယာလက်မှတ်ရယူမည့် နည်းပညာ တက္ကသိုလ်များမှ ဘွဲ့ရအင်ဂျင်နီယာများအတွက် Immediate Professional Development Program များ ပို့ချခြင်း၊ အင်ဂျင်နီယာနှင့် နည်းပညာ အသက်မွေး ဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး အရည်အသွေးမြှင့် သင်တန်းများ ပို့ချခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။