The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

သူဌေးရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (   ၂၁   ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက်   ၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၁  ရက်နေ့ ၊ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၏ အရှေ့မြောက်ဘက် (၁၂) မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၄) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအား လျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စီမံကိန်းရှင်းလင်းဆောင်တွင် တည်ဆောက်ရေး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းမှ စီမံကိန်းဆိုင်ရာ အချက်အလက် များ၊ စီမံကိန်းအဓိကလုပ်ငန်းကြီးများအလိုက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးမှ ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေး၊ စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများအား စနစ်တကျအသုံးပြုသွားရန်နှင့်  လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက် ဆောင်ရွက်သွား ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

       ၎င်းနောက် အမှတ်(၂)ရေလွှဲဥမင်လိုဏ်အဝင်ပိုင်းနှင့် ရေထိန်းတံခါးပြွန်တူးဖော်ခြင်း လုပ်ငန်း၊ ကွန်ကရစ်သွန်းလောင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဥမင်လိုဏ် ခိုင်ခန့်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် အထွက်ပိုင်း ကွန်ကရစ် သွန်းလောင်းနေမှုအခြေအနေများအား ဥမင်လိုဏ်တစ်လျှောက် လိုက်လံကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  အမှတ် (၁) ရေလွှဲဥမင်လိုဏ်၏ ဖောက်လုပ်ပြီးစီးနေမှုအခြေအနေအား မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

  ၎င်းနောက် စီမံကိန်းလုပ်ငန်းခွင်အတွင်းရှိ ရှုရပ်မှနေ၍ တမံအုတ်မြစ်စိမ့် ရေတား နံရံလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ပင်မတမံအောက်ခြေ မြေကြီး/ကျောက်သားတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ စီမံကိန်းလုပ်ငန်းများအလိုက် ဆောင်ရွက်နေမှုအခြေအနေ များအား ကြည့်ရှုစစ်ဆေးရာ စီမံကိန်း တာဝန်ရှိသူများမှ  ရှင်းလင်းတင်ပြကြပါသည်။

       သူဌေးရေအားလျှပ်စစ်စီမံကိန်းသည် သူဌေးချောင်းပေါ်တွင် ရေလှောင်တမံတည် ဆောက်ပြီး (၁၁၁) မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံတည်ဆောက်၍ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အားကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်းထုတ်လုပ်ပြီး ရခိုင်ပြည်နယ် အတွင်း ဒေသများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန်နှင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ သူဌေးရေအားလျှပ်စစ်စီမံကိန်းတွင် တည်ဆောက်မည့် ပင်မတမံအမျိုးအစားမှာ ဇုန်အမျိုးအစား(ကျောက်ဖြည့်တမံ)ဖြစ်ပြီး ကန်ရေပြည့် ရေသိုလှောင် ပမာဏမှာ ၆.၉၆ သိန်းဧကပေ သိုလှောင်နိုင်မည်ဖြစ်ကာ ယခုအခါ စီမံကိန်း၏ (၅၁.၀၃)% ခန့် ပြီးစီးနေပြီဖြစ်ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စီမံကိန်းဧည့်ရိပ်သာရှင်းလင်းဆောင် တွင် ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်များကို ကြိုတင်တွက်ချက်၍ စီမံဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ မိမိတို့ဒေသရှိ ပြည်သူလူထုနှင့် အနီးကပ်ထိတွေ့ပြီး ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အား တိုးမြှင့်ရရှိသည့် ဒေသများရှိ ပြည်သူများ လျှပ်စစ်မီးအား စနစ်တကျ အသုံးပြုတတ်စေရေး ပညာပေးအစီအစဉ်များ ပြုလုပ်သွားရန်၊ လျှပ်စစ်မီးတပ်ဆင်သုံးစွဲထားရှိမှုများနှင့်ပတ်သက်၍ စနစ်တကျ ရှိ၊ မရှိ လိုက်လံစစ်ဆေးဆောင်ရွက်သွားရန်၊ မိမိတို့ဒေသအား လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရန် နည်းလမ်းမျိုးစုံဖြင့်စဉ်းစား၍ စီမံဆောင်ရွက်သွားကြရန်နှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်အောင်မြင်အောင်စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
21-Feb-2019