၂၀၁၉ ခုနှစ်၊ မတ်လ ( ၁ ) ရက်
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ အမျိုးသားအဆင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ဗိသုကာအသင်း၊ မြန်မာ့ပြန်ပြည့်မြဲစွမ်းအင်အသင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းတို့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနည်းတူ ပြန်ပြည့်မြဲစွမ်းအင်အသုံးပြုမှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဆောင်ရွက် သွားမည်ဖြစ်သည့်အပြင် နိုင်ငံတော်သမ္မတရုံးမှလည်း အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင် ဆိုင်ရာကော်မတီကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် ပြန်ပြည့်မြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရရှိအသုံးပြုနိုင်သည့် အရင်းအမြစ်များကို သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာကဏ္ဍခွဲ အလိုက် ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့များကို ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဥပဒေ/လုပ်ထုံးလုပ်နည်းပိုင်းတွင်လည်း ပြန်ပြည့်မြဲစွမ်းအင်ဥပဒေ ပြဌာန်းနိုင်ခြင်းမရှိသေးသည့်အတွက် လိုအပ်သည့် ဥပဒေ၊ မူဘောင်၊ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ ပေါ်ပေါက်လာရန် ကော်မတီမှ ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုသည် ယခုနှစ်ကုန်တွင် ၅၀ % အထိ ရောက်ရှိလာမည်ဖြစ်ပြီး ကျန်ရှိသည့်ဒေသများမှာ မဟာ ဓာတ်အားလိုင်းနှင့် အလှမ်းကွာဝေးသည့် ကျေးလက်ဒေသများဖြစ်ပါကြောင်း၊ အဆိုပါ ဒေသများမှာ လူဦးရေသိပ်သည်းဆ နည်းသကဲ့သို့ ဓာတ်အားအသုံးပြုမှုလည်း နည်းပါး သည့်အတွက် ယင်းဒေသများသို့ မဟာဓာတ်အားလိုင်းတိုးချဲ့ရန်မှာ ကုန်ကျစရိတ် မြင့်မား မည်ဖြစ်ရာ ယင်းဒေသများတွင် ရရှိနိုင်သည့် ပြန်ပြည့်မြဲစွမ်းအင်များကို အသုံးပြု၍ လျှပ်စစ် ဓာတ်အားဖြည့်ဆည်းပေးနိုင်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့ ကော်မတီအနေဖြင့် အကြံဉာဏ်များဖော်ထုတ်ခြင်း၊ ရည်မှန်းချက်များ သတ်မှတ်ခြင်းများကို ဆောင်ရွက်သွားရမည်ဖြစ်သည့်အပြင် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာလုပ်ငန်းများ အောင်မြင် စေရန် ပံ့ပိုးကူညီပေးရေးကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်းနှင့် ကော်မတီ၏ ဒုတိယအစည်းအဝေးမတိုင်မီ ဆောင်ရွက်ရမည့်ကိစ္စရပ်များစွာ ရှိသည့်အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြ ပါရန် ပြောကြားခဲ့ပါသည်။
ထို့နောက် လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်မှ ကော်မတီ၏လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ် များ၊ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းသွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် ဆောင်ရွက် သွားမည့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာစီမံကိန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ အမျိုးသားအဆင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာကော်မတီ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့မှလည်းကောင်း၊ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုနှင့် ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိသူများမှလည်းကောင်း မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးခဲ့ကြပြီး အမျိုးသားအဆင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။