The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းစေရေး နှင့် ဓာတ်အားစနစ်တည်ငြိမ် တိုးတက်ကောင်းမွန်စေရေးတို့အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ

၂၀၁၉   ခုနှစ်၊   မတ်လ  (  ၂  ) ရက်   

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များသို့ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းစေရေး နှင့် ဓာတ်အားစနစ် တည်ငြိမ် တိုးတက်ကောင်းမွန်စေရေးတို့အတွက် ဝန်အားပြည့် ဓာတ်အားခွဲရုံများ အဆင့်မြှင့် တင်ခြင်း၊ ဓာတ်အားလိုင်းအပြစ် ဖြစ်ပွားခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးတိုင်းဒေသကြီးစက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးလှိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ် လျှပ်စစ်မန်နေဂျာများ ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် ပင်မဓာတ်အားခွဲရုံမှူးများ

တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ မီးသုံးစွဲနိုင်မှု ဦးရေ (Electrification Ratio) အား ၅၀% သို့လည်းကောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏၅၅%အထိလည်းကောင်း၊ ၂၀၂၅-၂၀၂၆ခုနှစ်တွင် ၇၅%အထက်သို့လည်းကောင်း တိုးတက်ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်လျက် ရှိနေသည့်အပြင် ဓာတ်အားစနစ်မှ မီးရရှိသုံးစွဲ နေသည့် ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အား ပြတ်တောက်မှုလျော့နည်းစေရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းစေရေး၊ ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးနှင့် ဗို့အားပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဟန်ချက်ညီညီ စီမံဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီလမှ စတင်၍ စီမံချက်များချမှတ်ပြီး ဆောင်ရွက်ခဲ့ ပါကြောင်း၊ စီမံဆောင်ရွက်မှုများအပေါ်တွင်လည်း လိုအပ်သည်များဖြည့်ဆည်းပေးခြင်း၊ ကြပ်မတ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း ၊ တစ်နိုင်ငံလုံး၏ ဓာတ်အားထုတ်လုပ်မှုအနေဖြင့် (၃၅၈၆) မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိရာ မန္တလေးတိုင်း ဒေသကြီး၏ အမြင့်ဆုံး ဓာတ်အားသုံးစွဲမှုမှာ (၆၁၄.၇၈) မဂ္ဂါဝပ်ခန့် သုံးစွဲလျက်ရှိပြီး မြို့နယ်များသို့ ဗို့အားပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ဝန်အား ပြည့်နေသော ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး တို့အတွက် အလေးအနက်ထား ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ရန်ခွင့်ပြုထားသည့် ရန်ပုံငွေများကိုလည်း သတ်မှတ်ရက်များအတိုင်း အရည်အသွေးပြည့်မီစွာ အသုံးပြု၍ လုပ်ငန်းများကိုဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့မြို့နယ်များအလိုက် ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများကို တင်ပြကြရန်နှင့် တင်ပြချက်များအပေါ် နည်းပညာအရ ပေါင်းစပ်ပြုပြင်နိုင်ရေး ဆောင်ရွက်နိုင်ရန်အတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှ ရည်မှန်းဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှပ်နှံမှုများ အတွက် လိုအပ်သည့်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် မျှော်မှန်းပြီး ထုတ်လုပ်မှု အပိုင်း၊ ပို့လွှတ်မှုအပိုင်းနှင့် ဖြန့်ဖြူးမှုအပိုင်းများကို အသင့်ဖြစ်စေရေး စီမံဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ ရင်းနှီးမြှပ်နှံမှုများအတွက် မိမိတို့ဝန်ကြီးဌာနသည် အဓိကကျသည့်အတွက် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှုမြင့်မားလာအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ၄င်းအပြင် လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ မိမိတို့ဒေသရှိ ပြည်သူလူထုနှင့် အနီးကပ်ထိတွေ့ပြီး ပြည်သူ လူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် မိမိတို့ဒေသအား လျှပ်စစ် ဓာတ်အား အပြည့်အဝရရှိရန် နည်းလမ်းမျိုးစုံဖြင့် စဉ်းစား၍ စီမံဆောင်ရွက်သွားကြရန် လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် အဂတိတရားကင်းရှင်းစွာ တာဝန်ယူမှုတာဝန်ခံမှုအပြည့်ဖြင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက် များ အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်သူကို လေးလေးစားစားဆက်ဆံရန်နှင့် ပြည်သူများ၏ တုန့်ပြန်မှုများကို ပြန်လည် သုံးသပ်၍ မိမိတို့၏ အတွေ့အကြုံဗဟုသုတပညာရပ်များကို အသုံးချပြီး ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ ပါသည်။  

          ၎င်းနောက် မန္တလေးတိုင်းဒေသကြီး၊ ခရိုင်လျှပ်စစ်မန်နေဂျာများမှ မိမိတို့ခရိုင် အတွင်းရှိ မြို့နယ်များ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေ၊ နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေးအတွက် ဆောင် ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို အသီးသီးရှင်းလင်း တင်ပြရာ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တအမှုဆောင်အရာရှိချုပ် နှင့် ခေတ္တဥက္ကဋ္ဌတို့မှ ဖြည့်စွက်တင်ပြခဲ့ပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ခရိုင်များအတွင်းရှိ ခွဲရုံအသီးသီး၏ ဓာတ်အားလိုင်းများ အခြေအနေ၊  ခွဲရုံများရှိ ထရန်စဖော်မာများ၏ ဝန်အားနှင့် ဓာတ်အားသုံးစွဲမှုအခြေအနေ နှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ၄င်းနောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များအပေါ် ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို ဖြည့်စွက်ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက် များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများနှင့် လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးကျင်းပရခြင်းသည် တိုင်းပြည်အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုတွင် စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေး၊ အသေးစားနှင့်အလတ်စား စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်မြင့်မားလာစေရေးတို့ အတွက် နိုင်ငံတော်မှ အစဉ်တစိုက်အားပေးလျက်ရှိသဖြင့် စက်မှုဇုန်မှ တာဝန်ရှိသူများနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း၊ စက်မှုဇုန်များ၏ဆုံးရှုံးမှုသည် မိမိတို့၏ဆုံးရှုံးမှုဟု ယူဆထားပါသဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများနှင့် စက်မှုဇုန်/စက်မှုလက်မှုလုပ်ငန်းများတွင် တည်ငြိမ် သော လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အား လိုင်းများနှင့် ဓာတ်အားခွဲရုံများကို တည်ဆောက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံတွင် နှစ်စဉ်ဓာတ်အားတိုးတက်သုံးစွဲမှုမှာ (၁၅%) မှ (၁၉%) အထိ တိုးတက်သုံးစွဲ လာသည့်အတွက် နှစ်အလိုက် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် (၃၉၄) မဂ္ဂါဝပ်၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် (၄၅၀)မဂ္ဂါဝပ်၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် (၁,၇၁၂) မဂ္ဂါဝပ်၊ စုစုပေါင်း (၂,၅၅၆) မဂ္ဂါဝပ်ကို ထပ်မံထုတ်လုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အဆိုပါ ဓာတ်အားထုတ်လုပ်မှုများမှာ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့် မကြာမီ တည်ဆောက်ပြီးစီး မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများအပြင် LNG ဓာတ်ငွေ့သုံးစက်ရုံ များကိုတည်ဆောက်၍ ဓာတ်အားတိုးတက်ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ၎င်းအပြင် ဓာတ်အားစနစ် တည်ငြိမ်ကောင်းမွန်စေရေးနှင့် ဓာတ်အားများ ပိုမို ဖြန့်ဖြူးနိုင်ရေးတို့အတွက် ၅၀၀ ကေဗွီ ဓာတ်အားလိုင်းစီမံကိန်းများ (Northern Grid, Southern Grid, Eastern Grid, Western Grid) စသည့် မြန်မာနိုင်ငံ၏ အနာဂတ် အတွက် ပင်မကျောရိုးဖြစ်သည့် မဟာဓာတ်အားလိုင်းကြီးများကိုလည်း စီစဉ် ဆောင်ရွက် လျက်ရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ  စက်မှုဇုန်/စက်မှုလက်မှု လုပ်ငန်းများတွင် ယခုလက်ရှိသုံးစွဲနေသောဝန်အားမှာ (၁၆၁.၇၈၅) မဂ္ဂါဝပ်သုံးစွဲလျက်ရှိပြီး နောက်ထပ် လိုအပ်လာမည့် ဓာတ်အားလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုဇုန်များ၏ ဓာတ်အားလိုအပ်ချက်ကို တတ်နိုင် သမျှ ဖြည့်ဆည်းပေးနိုင်ရန် Infrastructure  များကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အများပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ အသုံးပြုနိုင်ရေးအတွက်သာမက စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ လျှပ်စစ်ဓာတ်အားကို အလုံအလောက်ဖြန့်ဖြူးပေးနိုင်မှသာ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍသည် များစွာ တိုးတက်လာနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုရန်ပုံငွေကို အများဆုံးသုံးစွဲခွင့်ပြုခဲ့ပါကြောင်း၊ သို့ရာတွင် ရရှိသည့်ရန်ပုံငွေ အလိုက် တိုးတက်သုံးစွဲလာသည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက် နေရသည့်အတွက် အပိုင်းအလိုက် ဦးစားပေးအဆင့်ဆင့်အတိုင်း ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စက်မှုလက်မှုလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ငန်းရှင်များအနေဖြင့် လည်း မိမိတို့ ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ပြောကြားစေလို ကြောင်း၊ မိမိတို့ဆောင်ရွက်နေမှုသည် ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းဖြင့် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ အကြိမ်ကြိမ်တွေ့ဆုံကြခြင်းဖြင့် ရလဒ်များရရှိလာမည်ဖြစ်ပါကြောင်း၊ နောင်တွင်လည်း ဆက်လက်တွေ့ဆုံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ ပါသည်။    

          ထို့နောက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးစက်မှုဇုန်(၁၊၂၊၃)၊ မြင်းခြံ စက်မှုဇုန်၊ မိတ္ထီလာစက်မှုဇုန်များ၏ ဥက္ကဌများနှင့် တာဝန်ရှိသူများမှ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တအမှုဆောင်အရာရှိချုပ်မှ စက်မှုဇုန်များ၏ တင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အစီအမံများကို ပြန်လည်ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ထပ်မံဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ ၎င်းနောက် တင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
02-Mar-2019