The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ၂၃၀ကေဗွီဝါးတရာပင်မဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်းနှင့် အလုံပင်မဓာတ်အားခွဲရုံတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲလာမည့် အခြေအနေအပေါ် ဆောင်ရွက်မည့်အစီအမံများနှင့် စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၂၀၁၉   ခုနှစ်၊   မတ်လ  (  ၉  ) ရက်   

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက်   ၂၀၁၉ ခုနှစ် ၊ မတ်လ ၉  ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ  လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ၂၃၀ကေဗွီ ဝါးတရာပင်မဓာတ်အားခွဲရုံသို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ဓာတ်အားခွဲရုံမှူးမှ ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားလက်ခံ/ ပို့လွှတ်/ ဖြန့်ဖြူးပေးထားမှု အခြေအနေများအား လည်းကောင်း၊ စီမံကိန်းညွှန်ကြားရေးမှူး(တောင်ပိုင်း)မှ ၂၃၀ကေဗွီ ဝါးတရာ (ရွာမ-လှိုင်သာယာ) ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတိုးချဲ့ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးချုပ် တို့မှ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရွှေပြည်သာမြို့နယ်သည် နိုင်ငံ၏ စီးပွားရေးတွင် အရေးပါသည့် စက်မှုဇုန်များ၊ စက်ရုံ အလုပ်ရုံများ ရှိသည့်အတွက် ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေး အလေးထား ဆောင်ရွက်သွားရန် ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများအား အရည်အသွေး ပြည့်မီသည့်ပစ္စည်းများဖြင့် တပ်ဆင်အသုံးပြုသွားရန် ၊ဓာတ်အားခွဲရုံ ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးအတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံး ပစ္စည်းများနှင့် ဓာတ်အားလိုင်းများ ကြံခိုင်ရေးတို့အား စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်နှင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်နိုင်သည့်အခြေအနေတို့မှ ကာကွယ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ၂၃၀ကေဗွီ အလုံပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲ လာမည့် အခြေအနေအပေါ် ဆောင်ရွက်မည့်အစီအမံများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဓာတ်အားခွဲရုံမှူးများ တက်ရောက် ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှု အနေဖြင့် ယနေ့အချိန်တွင် (၃၅၈၆) မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး၏ အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ (၁၅၄၈.၂၃) မဂ္ဂါဝပ်ခန့်ရှိ၍ တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါး သုံးစွဲလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ကဏ္ဍသည် မိမိတို့ ဝန်ကြီးဌာနအတွက် အဓိကကျပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ နှစ်စဉ်(၁၅%) တိုးတက်နေသည့်အတွက် အဆိုပါဓာတ်အားတိုးတက်သုံးစွဲမှုများကို  ဖြည့်ဆည်းပေးနိုင်ရန်အတွက်  ဓာတ်အားထုတ်လုပ်မှုအပိုင်းအပြင် ဓာတ်အားဖြန့်ဖြူးခြင်း အပိုင်းများကိုလည်း တိုးချဲ့ပြုပြင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း ဓာတ်အားသုံးစွဲမှု တိုးမြင့်လာသည်နှင့်အမျှ နွေရာသီဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် ဓာတ်အားခွဲရုံများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီး ပါကြောင်း၊ သက်တမ်းကြာမြင့်နေပြီဖြစ်သော  ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ အား အဆင့်မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဝန်အားပြည့်နေသော ဓာတ်အားလိုင်းများအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့အတွက် အလေးအနက်ထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပင်မဓာတ်အားခွဲရုံမှူးများမှ မိမိတို့ ဓာတ်အားခွဲရုံအလိုက် ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာတပ်ဆင်အင်အားနှင့် ဓာတ်အား သုံးစွဲမှုအခြေအနေ၊ ဝန်အားတိုးတက်လာမှုအတွက် ဆက်လက်တိုးချဲ့ဆောင်ရွက်ရန် လိုအပ်မည့်အစီအမံများအား ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်အားစနစ်ဌာန) မှ ခွဲရုံများ၏ လက်ရှိဓာတ်အား ဖြန့်ဖြူးပေးထားမှုအခြေအနေ၊ ချေးငွေများဖြင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေ၊ ဝန်အားပြည့်နေမှုအတွက် Load Sharing ပြုလုပ်မည့်အခြေအနေနှင့် ထပ်မံတိုးချဲ့ဆောင်ရွက်မည့် အခြေအနေတို့အားလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်အားပို့လွှတ်ရေး စီမံကိန်းများဌာန) မှ ၂၃၀ ကေဗွီနှင့် ၅၀၀ ကေဗွီဓာတ်အားလိုင်းများ ဆောင်ရွက်မည့် အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ်မှ ဖြည့်စွက် ရှင်းလင်းတင်ပြပါသည်။

          ၎င်းနောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး မှလျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ်မှုနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားပေး စက်ရုံများအား အဆင့်မြှင့်တင်ပြုပြင်မွမ်းမံခြင်း၊ လှော်ကား၊အလုံ၊ရွာမ၊ သာကေတစက်ရုံ များရှိ ပင်မထရန်စဖော်မာများ အဆင့်မြှင့်တင်ရေးဆောင်ရွက်နေမှု အခြေအနေများအား  လည်းကောင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အထွေထွေမန်နေဂျာမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိဓာတ်အားသုံးစွဲမှုနှင့် တိုးတက်သုံးစွဲလာမည့် အခြေ အနေ၊ System Improvement  အဖြစ်ဆောင်ရွက်မည့် အခြေအနေနှင့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့ဆောင်ရွက်မည့်အခြေအနေတို့အားလည်းကောင်း ရှင်းလင်းတင်ပြ  ကြပါသည်။ ၄င်းနောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များအပေါ် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဖြည့်စွက် ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါ သည်။

Post under by : ဝန်ကြီးရုံး
09-Mar-2019