၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၂) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တနင်္သာရီတိုင်း ဒေသကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ညွှန်ကြားရေးမှူး(ကျွမ်းကျင်) ဦးသန်းစိန်တို့သည် (၂၂-၄-၂၀၁၉) ရက်နေ့ နေ့လည်(၂:၀၀) နာရီခန့်တွင် ထားဝယ်မြို့နှင့် သရက်ချောင်းမြို့နယ်အတွင်းရှိ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ နှင့် ဝ.၄ ကေဗွီ ဓာတ်အားလိုင်းများမှ ဓာတ်အားဖြန့်ဖြူးမှုခြေအနေများကို လှည့်လည် ကြည့်ရှုခဲ့ပါသည်။
ထို့နောက် Asia Development Bank ချေးငွေဖြင့် တည်ဆောက်မည့် ၂၃၀ ကေဗွီ မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်းဖြင့် ချိတ်ဆက်ပြီး ထားဝယ်အနီးပတ်ဝန်းကျင်ဒေသများ သို့ဓာတ်အား ဆက်လက် ပို့လွှတ်ဖြန့်ဖြူးမည့် ၂၃၀ ကေဗွီ ထားဝယ်ဓာတ်အားခွဲရုံ တည်ဆောက်ရန် လျာထားသည့် ထားဝယ်မြို့မှ ၇/၇ မိုင်အကွာ ရေး-ထားဝယ် ကားလမ်းပေါ် နည်းပညာတက္ကသိုလ်ရှေ့ မောင်မယ်ရှောင် ကျေးရွာရှိ ခွဲရုံ လျာထားမြေနေရာသို့ သွားရောက် ကြည့်ရှုှုခဲ့ပြီး၊ ဓာတ်အားခွဲရုံ မြေနေရာနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ မဖြစ်မနေဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့အတွက် ဖြန့်ဖြူးရေး နှင့်ပတ်သက်၍ တနင်္သာရီတိုင်း ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာနှင့် ကျန်အင်ဂျင်နီယာများအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရရှိပြီးပါက လက်ရှိဓာတ်အားရရှိသုံးစွဲနေသည့် ပုံသဏ္ဍာန်နှင့် များစွာကွာခြား သွားနိုင်ပါကြောင်း၊ ထို့အတွက် အခြေအနေအရပ်ရပ်ကို ဆန်းစစ်လေ့လာပြီး ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းအနေဖြင့် ဆောင်ရွက်ရန် လိုအပ်သည်များကို ကြိုတင်စဉ်းစားထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၆၆/၃၃ ကေဗွီ၊ ၆၆/၁၁ ကေဗွီ လျှပ်စစ်ဓာတ်အား ခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ၆၆ ခွဲရုံတွင် SCADA System တည်ဆောက်ထားမှုနှင့် စပ်လျဉ်း၍ ကောင်းမွန်ပါကြောင်း၊ ဆောင်ရွက်ထားသည့်စနစ်ကို ထပ်မံတိုးချဲ့လာပါကလည်း ပြင်ဆင်နိင်ရန် ဆောင်ရွက်ထားသင့်ပါကြောင်း၊ ထရန်စဖော်မာ Tapping နှင့် ပတ်သက်၍ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီနှင့် ပြန်လည်ဆက်သွယ်ကာ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။
ညနေ (၅:၀၀) နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲအား ည (၇:၀၀) နာရီခန့်တွင် ရုတ်သိမ်းခဲ့ပါသည်။