The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၁၉ ခုနှစ်၊ မေလ   ) ရက်

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ မေလ ၄  ရက်နေ့ ၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၏ တောင်ဘက် မိုင် (၂၀) ခန့်အကွာ ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်)ပေါ်တွင် ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၃)တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှု  အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းပုံစံငယ်အား ကြည့်ရှုပြီး စီမံကိန်းရှင်းလင်းဆောင်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးနှင့် တည်ဆောက်ရေး ညွှန်ကြားရေးမှူး ဦးနေလင်းမှ စီမံကိန်းဆိုင်ရာ  အချက်အလက်များ၊ စီမံကိန်းအဓိကလုပ်ငန်းကြီးများအလိုက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ ရေသွယ်ဥမင်လိုဏ် ဒီဇိုင်း ရေးဆွဲခြင်းနှင့် တည်ဆောက်ရေးဆိုင်ရာလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသော နိုင်ငံတကာ တင်ဒါအောင်မြင်ခဲ့သည့် IPGRB Co.,Ltd တာဝန်ရှိသူများမှ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြပါသည်။ တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများကို စံချိန်စံညွှန်းပြည့်မီပြီး သတ်မှတ်ချိန် ဘတ်ဂျတ် ကာလအတွင်း ရန်ပုံငွေရရှိမှုအလိုက် ပြီးစီးအောင် ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေး၊ စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများအား သတ်မှတ်အရည်အသွေးပြည့်ဝအောင် စနစ်တကျ အသုံးပြု သွားရန်၊ ဘဏ္ဍာငွေများ အလေအလွင့်မရှိအောင် အလေးထားဆောင်ရွက်သွားရန်နှင့် စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှု စစ်ဆေး ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ရှင်းလင်းဆောင်ရှုရပ်မှ ပင်မတမံ၊မြေကြီး/ ကျောက်သားတူးဖော်ခြင်းနှင့် ခိုင်ခံ့မှုလုပ်ငန်းများဆောင်ရွက်မှုနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ၎င်းနောက် အမှတ် (၁) ရေသွယ်ဥမင်လိုဏ်အဝင်ပိုင်းနှင့် အမှတ်(၂)ရေသွယ်ဥမင်လိုဏ် ဖောက်လုပ်မှုအခြေအနေ၊ ဥမင်လိုဏ်ခိုင်ခံ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား ဥမင်လိုဏ်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။

             ထို့နောက် စီမံကိန်းလုပ်ငန်းခွင်အတွင်းရှိ ရှုရပ်မှနေ၍ ရေသွယ်ဥမင်လိုဏ် အထွက်ပိုင်း ဖောက်လုပ်မှုအခြေအနေ၊  ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စီမံကိန်းလုပ်ငန်းများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ  ရှင်းလင်းတင်ပြကြပါသည်။

အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်) ပေါ်တွင် ရေလှောင်တမံတည်ဆောက်ပြီး (၂၈၀) မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံတည်ဆောက်၍ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၄၀၉ သန်းထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားကွန်ရက်စနစ်မှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်း ဖြစ်ပြီး တည်ဆောက်မည့်ပင်မတမံအမျိုးအစားမှာ RCC ကွန်ကရစ်တမံဖြစ်၍ ကန်ရေပြည့် ရေသိုလှောင်ပမာဏမှာ ၂.၇၇ သိန်း ဧကပေ သိုလှောင်နိုင်မည်ဖြစ်ပြီး ယခုအခါ စီမံကိန်း၏ (၃၈ ဒသမ ၇၃) ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီဖြစ်ပြီး (၂၀၁၉ခုနှစ်၊စက်တင်ဘာလ)တွင် (၄၃ ရာခိုင်နှုန်း) သို့ ပြီးစီးအောင် စီမံဆောင်ရွက်လျှက်ရှိကာ (၂၀၂၁-၂၀၂၂ ) ခုနှစ်တွင် စီမံကိန်းတစ်ခုလုံး ပြီးစီးမည်ဖြစ်ပါသည်။ ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်) ပေါ်တွင် ဆောင်ရွက်ပြီး ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ (၇၉၀) မဂ္ဂါဝပ် ထုတ်လုပ်ရှိရာ ဆက်လက်၍ အနာဂါတ် စီမံချက်များအနေဖြင့် နမ္မတူ (သီပေါ) စီမံကိန်း (၂၁၀) မဂ္ဂါဝပ်အားလည်းကောင်း၊ အလယ်ရဲရွာ စီမံကိန်း (၇၃၅) မဂ္ဂါဝပ်အားလည်းကောင်း၊ ဒီးဒုတ်စီမံကိန်း (၆၀) မဂ္ဂါဝပ်အားလည်းကောင်း ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။

         

Post under by : ဝန်ကြီးရုံး
04-May-2019