၂၀၁၉ ခုနှစ်၊ သြဂုတ်လ ( ၁၀ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် အင်းစိန် မြို့နယ်ရှိ ရွာမသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ တာမွေမြို့နယ်ရှိ ၆၆ ကေဗွီ GIS ခွဲရုံ တည်ဆောက်နေမှုအခြေအနေနှင့် ကမ်းလွန်အခြေစိုက်စခန်း (သာကေတ) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွာမဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး စက်မောင်းနှင်ချိန်နာရီများလာသဖြင့် အကြီးစားထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် EGAT အမှတ်(၂)စက်ပြင်ဆင်နေမှုအခြေအနေအား ကြည့်ရှု စစ်ဆေးရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးနှင့် တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးမှ ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အမှတ် (၂) စက်အား သတ်မှတ်ချိန် အတွင်း အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်၍ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန်နှင့် ဓာတ်အားပေးစက်ကြီးများ ကြံ့ခိုင်ကောင်းမွန်စေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက် သွားကြရန်မှာကြားပြီး ဓာတ်အားပေးစက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တာမွေမြို့နယ်ရှိ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ၆၆/၁၁/၆.၆ ကေဗွီ ၆၀ အမ်ဗွီအေ တာမွေစျေး GIS ဓာတ်အားခွဲရုံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဓာတ်အား ခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက် သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက စီမံကိန်း လုပ်ငန်းများအား သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။
အဆိုပါ ၆၆ ကေဗွီ တာမွေစျေးဓာတ်အားခွဲရုံအား ဓာတ်အားပေးနိုင်ရန်အတွက် ၆၆ ကေဗွီ ပုသိမ်ညွန့်ဓာတ်အားခွဲရုံမှ ၆၆ ကေဗွီ ဓာတ်အားလိုင်း Double Circuit ၁.၁၄ မိုင် အား တည်ဆောက်လျက်ရှိပြီး ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီး ပါက တာမွေမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဓာတ်အားသုံးစွဲသူပြည်သူများ အရည် အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်မည့်အပြင် ၆၆ ကေဗွီ ပုသိမ်ညွန့် ဓာတ်အားခွဲရုံမှတစ်ဆင့် ၆၆ ကေဗွီ ကျိုက္ကဆံဓာတ်အားခွဲရုံ၊ ၆၆ ကေဗွီ သုဝဏ္ဏ ဓာတ်အားခွဲရုံနှင့် ၆၆ ကေဗွီ ကမာကြည် (မင်းဒင်) ဓာတ်အားခွဲရုံတို့နှင့် အပြန်အလှန် ချိတ်ဆက်ဓာတ်အားပေးနိုင်မည်ဖြစ်၍ နောင်တိုးချဲ့လာမည့် ဓာတ်အားစနစ် အတွက် အသင့်ဖြစ်စေပြီး ဓာတ်အားပြတ်တောက်မှုလျော့နည်းစေမည်ဖြစ်ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သာကေတမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း ကမ်းလွန်အခြေစိုက်စခန်း (သာကေတ) သို့ရောက်ရှိရာ တာဝန်ရှိသူများက ကမ်းလွန်အခြေစိုက်စခန်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ကမ်းလွန်အခြေစိုက်စခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကမ်းလွန်အခြေစိုက်စခန်း(သာကေတ)သည် ကုန်းတွင်းနှင့် ကမ်းလွန် ရေနံရှာဖွေ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများအား အောင်မြင်စွာ ပြုလုပ်နိုင်စေရန် အထောက်အကူပြု လုပ်ငန်းများအား ဆောင်ရွက်ပေးရခြင်း၊ ကုန်းတွင်း ရေနံရှာဖွေတူးဖော် ထုတ်လုပ်သည့် ပြည်တွင်း၊ ပြည်ပမှ ဝယ်ယူထားသော လုပ်ငန်းသုံးပစ္စည်းများအား လက်ခံသိုလှောင်၍ လိုအပ်သည့်နေရာဒေသများသို့ ထောက်ပံ့ပို့ဆောင်ဖြန့်ဖြူးပေးခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သဘာဝဓာတ်ငွေ့ ထိန်း/ဖြန့်စခန်းများ၊ အသုံးချ သုတေသနဌာန၊ ပိုက်လိုင်း အခြေစိုက်စခန်းများ၊ အောက်မြန်မာပြည် ရေနံမြေ အစမ်းတွင်းဒေသများတွင် တည်ဆောက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် လုပ်ငန်းသုံးပစ္စည်းများ၊ စက်ယန္တရားများ ထောက်ပံ့ ပို့ဆောင်ပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။