The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၉) ကျင်းပပြုလုပ်

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ  (  ၂၆  )  ရက်

          အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေး (၂/၂၀၁၉) ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန် တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

          ရှေးဦးစွာ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းပေးခဲ့ပြီး ကော်မတီ၏ ပထမ အကြိမ်အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့ပါကြောင်း၊ ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြီးနောက်ပိုင်းတွင် လျှပ်စစ်ကဏ္ဍနှင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကဏ္ဍများ၌ ထူးခြားသည့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခဲ့ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ယခုနှစ်ကုန်တွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိရေးရည်မှန်းချက် အောင်မြင်စေရန် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ၎င်းအပြင် မြဝတီနယ်စပ်ဒေသများအထိ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းများကို သွယ်တန်းပေးနိုင်ခဲ့သည့်အပြင် ကျိုင်းတုံဒေသသို့လည်း ပေးနိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့များအားလုံးနည်းပါး လျှပ်စစ်မီးရရှိစေရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဆက်လက်၍လည်း တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်-မြိတ်ဒေသများအထိ ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်နိုင်ရန် အထူး ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင်လည်း မြန်မာ နိုင်ငံ၏ ပထမဆုံး ဆိုလာစီမံကိန်းဖြစ်သည့် မင်းဘူးဆိုလာစီမံကိန်းကို ဖွင့်လှစ်နိုင်ခဲ့ ပါကြောင်း၊ မိမိတို့အနေဖြင့် မဟာဓာတ်အားလိုင်းပြင်ပဒေသများသို့လည်း နည်းမျိုးစုံ ဖြင့် လျှပ်စစ်မီးရရှိရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ မာန်အောင်ကျွန်းနှင့် ကိုကိုးကျွန်းဒေသများအား ဆိုလာဖြင့် လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ရေးကိုလည်း စီမံကိန်း များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများ မှလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းများ အကောင်အထည်ဖော်ရန် အဆိုပြုချက်များစွာ လက်ခံရရှိထားပါကြောင်း၊ သို့ဖြစ်ရာ အဆိုပါစီမံကိန်းများ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည့် ဥပဒေပိုင်းဆိုင်ရာများ ရေးဆွဲပြဋ္ဌာန်းရေး၊ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွား နိုင်ရေးတို့နှင့်ပတ်သက်၍ ယနေ့အစည်းအဝေးတွင် ဆွေးနွေးသွားရန်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ရာသီဥတုပြောင်းလဲမှုများအရ ရေအားလျှပ်စစ် တစ်မျိုးတည်းကိုသာ ရေရှည် မှီခိုရန်မဖြစ်နိုင်သည့်အတွက် ပြန်ပြည့်မြဲစွမ်းအင်ကဲ့သို့သော စွမ်းအင်အမျိုးမျိုးတို့မှ ထုတ်လုပ်သုံးစွဲရန် နည်းလမ်းတစ်ခုဖြစ်သဖြင့် ပြန်ပြည့်မြဲစွမ်းအင် စီမံကိန်းများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာ ကိစ္စရပ်များအတွက် အရေးကြီးသည့်အပြင် မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးရည်မှန်းချက်ကို ပြည့်မီစေရန် အတွက် ဖြစ်နိုင်သည့် စွမ်းအင်အရင်းအမြစ်နှင့် နည်းပညာအားလုံးကို စဉ်းစားဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်းနှင့် ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီနှင့် သက်ဆိုင်ရာအဖွဲ့အစည်း များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်က အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီကို အထောက်အကူ ပြုနိုင်ရန် လုပ်ငန်းကော်မတီများ ဖွဲ့စည်းမည့်အဆိုပြုအစီအမံများ၊ ပြန်ပြည့်မြဲစွမ်းအင် ဆိုင်ရာ စီမံကိန်းအဆိုပြုချက်များကိုလည်းကောင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဒါရိုက်တာအဖွဲ့ဝင် ဦးမင်းစိန်က ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ဥပဒေ ရေးရာ အကြံပြုချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။

          ထို့နောက် အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ အဖွဲ့ဝင်များ နှင့် အစည်းအဝေးတက်ရောက်လာသူများမှ မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး အမျိုးသား အဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

          အဆိုပါအစည်းအဝေးသို့ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစောမိုးမြင့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊  စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စက်မှု ဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံဗိသုကာအသင်း၊ မြန်မာ့ ပြန်ပြည့်မြဲစွမ်းအင်အသင်းနှင့် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
26-Aug-2019