၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ( ၁၉ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Saurabh Kumar အား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ ၁၅:၃၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၊ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ အနာဂတ် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်အိန္ဒိယနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့်နယ်ပယ်ကဏ္ဍများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းလုပ်ငန်းအဖွဲ့ (Joint Working Group – JWG) အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း နေပြည်တော်တွင် ကျင်းပပြုလုပ်ရေးဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြ ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။