The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန်လျင်ပင်မဓာတ်အားခွဲရုံ ၊ သာကေတဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားကွပ်ကဲရေးဌာန (ရန်ကုန်)တို့အား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ၊ ၂၀၁၉ခုနှစ် ၊ စက်တင်ဘာလ (၂၇)ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ သန်လျင်ပင်မဓာတ်အားခွဲရုံ ၊ သာကေတဓာတ်အားပေးစက်ရုံနှင့် ဓာတ်အား ကွပ်ကဲရေးဌာန (ရန်ကုန်) တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး နှင့်ကွပ်ကဲရေးဦးစီးဌာန ၊ ၂၃၀ ကေဗွီ သန်လျင်ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ၂၃၀/၃၃/၁၁ ကေဗွီ  ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာတိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ အား လှည့်လည်ကြည့်ရှု စစ်ဆေး၍ လုပ်ငန်းများ အချိန်မီပြီးစီးရေး ၊ ဓာတ်အားများ ဆောလျင်စွာ ဖြန့်ဖြူးပေးနိုင်ရေး ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး နှင့် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

          ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သာကေတသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံသို့ ရောက်ရှိရာ ဓာတ်အားပေးစက်ရုံအတွင်း JICA ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဓာတ်အားခွဲရုံ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှု စစ်ဆေးရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ဓာတ်အားခွဲရုံအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအား သတ်မှတ်အချိန်အတွင်း အချိန််မီပြီးစီးအောင် ဆောင်ရွက်သွားရန် ၊ ဓာတ်အား ခွဲရုံသုံးပစ္စည်းများ အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေးနှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

          အဆိုပါ ဓာတ်အားခွဲရုံအား အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အားကို အဆင်ပြေချောမွေ့စွာ သုံးစွဲနိုင်ပြီး ဓာတ်အားပြတ်တောက်မှု များကိုလည်း လျှော့ချနိုင်မည်ဖြစ်သည့်အပြင် နောင်တွင်တိုးတက်ထုတ်လုပ်မည့် ဓာတ်အားများ ကိုလည်း ဗို့အားနိုင်နင်းစွာဖြင့် ပို့လွှတ်ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ပါသည်။

          ၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အလုံမြို့နယ်ရှိ ဓာတ်အားကွပ်ကဲရေးဌာန ၊ ရန်ကုန်သို့ ရောက်ရှိပြီး တာဝန်ရှိသူက နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ထိန်းချုပ်ပို့လွှတ်ဖြန့်ဖြူး ပေးနေမှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့အား ရှင်းလင်းတင်ပြရာ ဒုတိယ ဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ဓာတ်အားကွပ်ကဲရေးဌာန ရုံးအဆောက်အဦအသစ် ဆောက်လုပ်နေမှု အခြေအနေအား ကြည့်ရှု စစ်ဆေး၍ လုပ်ငန်းများ အချိန်မီပြီးစီးရေး တွန်းအားပေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
27-Sep-2019