The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ပထမအဆင့် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်ရွက်နေသော တည်ဆောက်ရေးလုပ်ငန်းများ၏ ပြီးစီးမှုအခြေအနေများအား အသိပေးရှင်းလင်းခြင်း

၂.၁၀.၂၀၁၉

၁။      အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်အစီအစဉ်မှာ ကုလသမဂ္ဂ၏ ရေရှည် တည်တံ့သော စွမ်းအင်ရရှိရေး(Sustainable Energy for All SE4-ALL) ဖြစ်ပြီး အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်၏ ရည်ရွယ်ချက်မှာ “၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ဒေသများအားလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိစေရန်” ဖြစ်ပါသည်။

၂။       ယနေ့အချိန်အခါတွင် မြန်မာတစ်နိုင်ငံလုံး၌ အိမ်ထောင်စုပေါင်း ၁၀.၈၈ သန်းခန့်ရှိ သည့်အနက် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ၅.၀၇ သန်း (၄၆.၅၈%)ခန့် ဓာတ်အားစနစ်ဖြင့် ဓာတ်အားရရှိထားပြီး ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံး ကျေးရွာပေါင်း (၆၃,၂၆၄) ရွာရှိသည့် အနက် (၁၄,၅၇၀) ရွာ သည် ဓာတ်အားစနစ်ဖြင့် ဓာတ်အားရရှိပြီးဖြစ်ပါသည်။

၃။      အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း လုပ်ငန်းများစတင် အကောင်အထည် ဖော်နိုင်ရန်အတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၄၀၀ ချေးယူ၍ ဓာတ်အားစနစ်မှ ဓာတ်အားရရှိရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၃၁၀ ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။

၄။      အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ပထမအဆင့်ကျေးရွာပေါင်း ၅,၀၈၀ ရွာ အတွက် လိုအပ်သော ပစ္စည်းများအား နိုင်ငံတကာတင်ဒါ ခေါ်ဆိုစာချုပ် ချုပ်ဆိုဝယ်ယူ ထားပြီး ကွန်ကရိတိုင်၊ သံတိုင်၊ သံလက်တန်းနှင့် ဆက်စပ်ပစ္စည်းများ၊ ACSR Conductor များ၊ ကြွေသီးများ၊ ထရန်စဖော်မာများ၊ ထရန်စဖော်မာဆက်စပ်ပစ္စည်းများအားလုံး (၉၃ %) ရောက်ရှိပြီး ဖြစ်ပါသည်။

၅။      တည်ဆောက်ရေးတင်ဒါများအား NCB (National Competitive Bidding) စနစ်ဖြင့် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူ၍ ကုမ္ပဏီ(၂၆) ခုထံ စာချုပ် ချုပ်ဆိုလုပ်ငန်းအပ်နှံဆောင်ရွက်လျှက်ရှိရာ စုစုပေါင်း တည်ဆောက်ရမည့် ကျေးရွာ စုစုပေါင်း (၅,၀၈၀) အနက် (၃၀.၉.၂၀၁၉) ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများတွင် ကျေးရွာပေါင်း (၇၃၈) ရွာ၌ တည်ဆောက်ရေးလုပ်ငန်းများပြီးစီးပြီဖြစ်ပြီး၊ ယင်းတို့အနက် (၂၈၅) ရွာမှာ ဓာတ်အားစနစ်ဖြင့် မီးလင်းပြီးဖြစ်ပါသည်။ အဆိုပါ တည်ဆောက်ပြီး ကျေးရွာ (၇၃၈) ရွာရှိ အိမ်ထောင်စုဦးရေ စုစုပေါင်း(၈၆,၀၇၃) စုအတွက် အကျိုးခံစားရမည်ဖြစ်ပြီး၊ လတ်တလောတွင် မီးလင်းပြီးကျေးရွာ(၂၈၅)ရွာရှိ အိမ်ထောင်စုဦးရေ စုစုပေါင်း(၃၄,၂၀၀)စု ဓာတ်အားစနစ်ဖြင့် ဓာတ်အားရရှိသုံးစွဲနိုင်မည်ဖြစ်ကာ ကျေးရွာများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါသည်။

၆။      အဆိုပါတည်ဆောက်ပြီး ကျေးရွာများတွင် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်းများ တည်ဆောက်ခြင်း၊ အိမ်တွင်းဝါယာရိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မီတာများ တပ်ဆင် ခြင်း၊ လမ်းမီးများ တပ်ဆင်ခြင်းများကို ဆောင်ရွက်လျှက်ရှိပြီး ဓာတ်အားအမြန် သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း ပထမအဆင့်တည်ဆောက်ရေး လုပ်ငန်းများအား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် ကျေးရွာပေါင်း(၅,၀၈၀) ရွာအား ပြီးစီးစေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

၇။      အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး ဒုတိယအဆင့်အဖြစ် ဓာတ်အားစနစ်မှ ၅ မိုင် အတွင်းရှိ စုစုပေါင်းကျေးရွာ(၄,၀၀၀)ရွာအား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်သောပစ္စည်းများ ဝယ်ယူခြင်းကို  ICB တင်ဒါစနစ်ဖြင့် စတင်ခေါ်ဆိုလျက်ရှိပြီး၊ ထရန်စဖော်မာများ၊ ကျောက်တိုင်များ၊ သံလက်တန်းနှင့် ဆက်စပ်ပစ္စည်းများကို တင်ဒါ ခေါ်ယူပြီးဖြစ်ပါ၍ ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါစိစစ်လျက်ရှိပါသည်။ ACSR Conductor ဝယ်ယူရေးတင်ဒါကိုလည်း ခေါ်ဆိုထားပြီးဖြစ်ပြီး ကျန်ပစ္စည်းများ ဖြစ်သည့် ကြွေသီး၊ ထရန်စဖော်မာ၏ဆက်စပ်ပစ္စည်းများကို ယခုအောက်တိုဘာလအတွင်း တင်ဒါ ဆက်လက်ခေါ်ဆိုနိုင်ရေး စီစဉ်လျက်ရှိပါသည်။ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း ဒုတိယအဆင့်၏ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ လတွင် ပြီးစီးနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိပါသည်။

၈။      ယခုကမ္ဘာ့ဘဏ်၏ ချေးငွေအမေရိကန်ဒေါ်လာသန်း ၃၁၀ ဖြင့် ပထမအဆင့် ၂ မိုင် အတွင်း ကျေးရွာများနှင့် ဒုတိယအဆင့် ၅ မိုင်အတွင်း ကျေးရွာများ ဆောင်ရွက်ပြီးစီးပါက စုစုပေါင်းကျေးရွာ ၉,၀၈၀ ရွာရှိ အိမ်ထောင်စုပေါင်း ၁,၀၈၄,၃၄၅ စုခန့် လျှပ်စစ်ဓာတ်အား ရရှိလာမည်ဖြစ်ပြီး အဆိုပါချေးငွေကြောင့် စုစုပေါင်း Electrification Rate ၉.၅ % ခန့် တိုးတက်လာမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

16-Oct-2019