၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလ ( ၃၀ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် စင်ကာပူ နိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့နှင့် (၃၀)ရက်နေ့များတွင် Marina Bay Sands Hotel တွင် ကျင်းပသည့် (၁၂)ကြိမ်မြောက် စင်ကာပူအပြည်ပြည်ဆိုင်ရာ စွမ်းအင် ရက်သတ္တပတ် ဖွင့်ပွဲအခမ်းအနား၊ Singapore Energy Summit တို့သို့ တက်ရောက်ခဲ့ပြီး Accelerating Energy Transformation ၊ Transformation - Accelerating Action ၊ Electrification-Powering Growth ၊ Singapore International Energy Agency Forum ၊ Opportunities and challenges in the Southeast Asia Energy Landscape ခေါင်းစဉ်များဖြင့် ဆွေးနွေးသည့် ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကျင်းပသည့် Electrification Powering Growth ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် Panel Discussion တွင် လာအိုနိုင်ငံ စွမ်းအင်နှင့်သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Sinava Souphanouvong ၊ The Institute of Energy Economics , Japan (IEEJ) ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Prof Masakazu Toyoda ၊ EDF ကုမ္ပဏီမှ Group Senior Executive Vice President (in charge of the International Division) ဖြစ်သူ Ms. Marianne Laigneau ၊ DNV GL – Energy ကုမ္ပဏီ၏ Vice President and Director of Technology and Innovation ဖြစ်သူ Ms. Lucy Craig တို့နှင့်အတူ ပါဝင် တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် Global Electrification Transition အတွက် ပြန်ပြည့်မြဲ စွမ်းအင်အပြင် မြို့ပြသုံး နျူကလီးယားစွမ်းအင်၊ ဟိုက်ဒရိုဂျင်စွမ်းအင်များ သုံးစွဲမှုနှင့် စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲခြင်းတို့က အရေးပါသော အခန်းကဏ္ဍမှ ပါဝင် လာပါကြောင်း၊ ကမ္ဘာတဝှမ်းတွင် စွမ်းအင်ကို သယ်ယူပို့ဆောင်ရေး၊ စက်မှု၊ အပူစွမ်းအင် ထုတ်လုပ်ရန် အသုံးပြုမှုကြောင့် CO2 ၇၀ ရာခိုင်နှုန်းကျော် ထုတ်လွှတ်နေပြီး ရာသီဥတု ပြောင်းလဲမှုနှင့် ရင်ဆိုင်နေရပါကြောင်း၊ ယင်းအချက်များအား လျှော့ချရာတွင် လျှပ်စစ် ကဏ္ဍသည် အရေးကြီးပါကြောင်း၊ အရှေ့တောင်အာရှဒေသသည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ လျှပ်စစ်ဓာတ်အားရရှိသုံးစွဲမှု များပြားလာပါကြောင်း၊ လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရေး ဆောင်ရွက်ရာတွင် Clean & Model Power Grid များ တည်ဆောက်ကာ ဒေသတွင်း ဓာတ်အားစနစ်ဖြန့်ကျက်နိုင်ရေး ဆောင်ရွက် သွားရန်နှင့် အရင်းအမြစ်များ မျှဝေသုံးစွဲသွားရန်လိုအပ်ကြောင်း၊ Energy Mix တွင်လည်း ရရှိနိုင်သော အရင်းအမြစ်များကို ပေါင်းစပ်အသုံးပြုခြင်းက ပိုမိုပြည့်စုံ ကောင်းမွန်နိုင်ပါကြောင်း၊ နေရောင်ခြည်စွမ်းအင်အပြင် ဟိုက်ဒရိုဂျင်ကဲ့သို့သော စွမ်းအင်အသစ်များနှင့် ဓာတ်အား သိုလှောင်နိုင်ရေးအတွက် Research & Development များ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် သွားကြရန် ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံ၏ စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်၊ ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ချက်များ၊ စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်ချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိထုတ်လုပ်နိုင်ရေး ရေအား၊ သဘာဝဓာတ်ငွေ့၊ LNG ၊ နေရောင်ခြည် နှင့် အခြားအရင်းအမြစ်များအပြင် အိမ်နီးချင်း နိုင်ငံများနှင့် ဓာတ်အားလိုင်း သွယ်တန်း၍ ဓာတ်အားရောင်းဝယ်မှုလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် အတွေ့အကြုံများအား မျှဝေဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။