The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ပထမအဆင့် ကျေးရွာများတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ လျာထားဆောင်ရွက်ပေးမည့်ကိစ္စနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအကြား လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ  ) ရက်

          “၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ ဒေသများအားလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိစေရန်” ရည်ရွယ်၍ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းပထမအဆင့်ပါ ကျေးရွာများတွင် ၄၀၀ ဗို့ဓာတ်အားလိုင်းများ လျာထားဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်သည့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွွယ်ရေးဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွွယ်ရေးဝန်ကြီး၊မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှု ဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွွယ်ရေးဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ လျှပ်စစ်စွမ်းအားစီမံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း၊ စီမံကိန်း မန်နေဂျာနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် အမျိုးသားလျှပ်စစ် ဓာတ်အား ရရှိရေး စီမံကိန်းမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများသာ ဆောင်ရွက် ပေးခြင်းဖြစ်ပြီး၊ ၄၀၀ ဗို့ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းအား ကိုယ်ထူကိုယ်ထ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (ပထမအဆင့်) လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းအပိုင်း စီမံကိန်းပါ ကျေးရွာ (၄၄၈၄) ရွာအနက် ကျေးရွာပေါင်း (၂၂၈၁) ရွာတွင် ကျေးရွာအတွင်း ၄၀၀ ဗို့ဓာတ်အားလိုင်းများအား ကျေးရွာအစီအစဉ်ဖြင့် ဆောင်ရွက်ပြီး ဖြစ်သော်လည်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခု၏ ကျေးရွာပေါင်း (၂၂၀၃) ရွာတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ဆောင်ရွက်ပြီးစီးရန်ကျန်ရှိနေကြောင်း၊ ကျေးရွာအစီအစဉ်ဖြင့် တည်ဆောက်ရ မည့် ကျေးရွာတွင်း ၄၀၀ ဗို့ဓာတ်အားလိုင်းများ မပြီးစီး၍  ဓာတ်အားမသုံးစွဲနိုင်မှုများ မဖြစ်ပေါ် စေရေး အတွက် ပြည်ထောင်စုဘတ်ဂျက်မှ တစ်စိတ်တစ်ဒေသ ကျခံဆောင်ရွက်ပေးရန် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်တွင် ကျေးရွာ ၅၀၀ ရွာစာအတွက် ငွေလုံးငွေရင်းအသုံးစရိတ်တွင် ထည့်သွင်းလျာထားခဲ့ပါကြောင်း၊ ၄၀၀ ဗို့ ဓာတ်အား လိုင်းများဆောင်ရွက်ရန် ကျန်ရှိသည့်ကျေးရွာစုစုပေါင်းမှာ (၂၂၀၃) ရွာဖြစ်ပြီး ဘဏ္ဍာငွေ ရရှိမှုအခြေအနေအရ ကျေးရွာ (၅၀၀) ရွာသာ လျာထားနိုင်ခဲ့သဖြင့် ကျေးရွာအားလုံး အား ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်ရန် ကျန်ရှိသည့်ကျေးရွာအရေအတွက် ပါဝင်မှုရာခိုင်နှုန်းအတိုင်း တွက်ချက်ခွဲဝေသတ်မှတ် ခဲ့ပါကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လိုသဖြင့် အစည်းအဝေး ဖိတ်ကြား ကျင်းပရခြင်းဖြစ်ပြီး အဖြစ်နိုင်ဆုံး နှင့် အသင့်တော်ဆုံးအဖြေတစ်ခုကို ရွေးချယ်ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းမန်နေဂျာက ကမ္ဘာ့ဘဏ် ချေးငွေဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက် နေမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဉီးဆောင် ညွှန်ကြားရေးမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပါသည်။

          ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီး များက မိမိတို့တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ နှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြကြပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက အမျိုးသားလျှပ်စစ် ဓာတ်အား ရရှိရေးစီမံကိန်းသည် ကျေုးလက်နေပြည်သူများအား လျှပ်စစ်ဓာတ်အားရရှိရေးကို အဓိကထား ဆောင်ရွက်သည့်စီမံကိန်းဖြစ်၍ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိလာပါက ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်လာနိုင်သည့်အတွက် အလေးထားဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ဝန်ကြီးများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ပါသည်။

Post under by : ဝန်ကြီးရုံး
04-Nov-2019