၂၀၁၉ ခုနှစ် ၊ နိုဝင်ဘာလ ၁၀ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးလှထွန်း၊ ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှု ဝန်ကြီး ဦးစိုးလှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း လက်အောက်ရှိ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ (က) အဆင့် (မော်လမြိုင်)နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စက်သုံးဆီ အရောင်းဆိုင်အမှတ် (၀၈၆၂) တို့အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ရှိ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ (က)အဆင့် (မော်လမြိုင်) သို့ ရောက်ရှိရာ ပြည်နယ်ရောင်းဝယ်ရေးအရာရှိနှင့် တာဝန်ရှိသူများက သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ၏ လုပ်ငန်း ဆောင်ရွက်မှု၊ သိုလှောင်ကန်စာရင်းနှင့် စက်သုံးဆီ လက်ကျန်အခြေအနေ၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက စက်သုံးဆီများ တရားမဝင်တင်သွင်း လာပါက ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားရန်၊ တရားမဝင်စက်သုံးဆီဆိုင်များ ပပျောက်ရေးဆောင်ရွက်သွားရန်၊ ကျေးလက် ဒေသများတွင် အသေးစားစက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့်လိုင်စင်များ စိစစ်ခွင့်ပြုထုတ်ပေးခြင်းနှင့် စပ်လျဉ်း၍ ကျေးလက်နေပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးပွဲများ ဆောင်ရွက်သွားရန်နှင့် သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး အစီအမံများအား ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး သိုလှောင် ဖြန့်ဖြူးရေးဌာနခွဲအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များအား လမ်းညွှန် မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၏ စက်သုံးဆီအရောင်းဆိုင်အမှတ် (၀၈၆၂)သို့ ရောက်ရှိရာ ပြည်နယ်ရောင်းဝယ်ရေးအရာရှိက စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ဖြန့်ဖြူးရောင်းချခဲ့မှု၊ စက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်နယ်အတွင်း ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ထားရှိမှုအခြေအနေတို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များမှ စက်သုံးဆီများ အရည်အသွေးနှင့် အခြင်အတွယ် မှန်ကန်ရေး၊ တရားမဝင် ရောင်းချမှုမရှိစေရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရန်နှင့် စက်သုံးဆီလက်ကျန်များအား တင်ဒါမခေါ်ယူမီ လေလွင့်ဆုံးရှုံးမှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး စက်သုံးဆီအရောင်းဆိုင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ကျေးလက်ဒေသ အသေးစားစက်မှုလက်မှု လုပ်ငန်းများဖွံဖြိုးတိုးတက်စေရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး လူမှုအဆင့်အတန်းပိုမိုမြင့်မားစေရေးနှင့် ဝင်ငွေတိုးတက်စေရေးတို့ အတွက် တဖက်တလမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာဥပဒေပုဒ်မ ၈(က) နှင့် ပုဒ်မ ၅၄ (ခ) တို့အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်အာဏာကို ကျင့်သုံးလျက် ကျေးလက်သုံးစက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့် လိုင်စင်ခွင့်ပြု ထုတ်ပေးခြင်းနှှင့် စပ်လျဉ်း၍ စနစ်တကျဆောင်ရွက်နိုင်ရန်အလို့ငှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၅၂၁/၂၀၁၉) ဖြင့် “ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင် (Village Mini Pump Station) လိုင်စင် ဆိုင်ရာအမိန့်” ကိုထုတ်ပြန်ခဲ့ပါသည်။