၂၀၁၉ ခုနှစ် ၊ နိုဝင်ဘာလ ၁၁ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ကရင်ပြည်နယ် လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ လျက် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ရေနံဓာတ်ငွေ့ရည် (LPG)ကို တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်နေသော ပုဂ္ဂလိကပြည်တွင်းကုမ္ပဏီများ၏ ရေနံ ဓာတ်ငွေ့ရည်အရောင်းဆိုင်များအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်များအား ကြည့်ရှု စစ်ဆေးရာတွင် ကုမ္ပဏီတာဝန်ရှိသူများနှင့် အရောင်းဆိုင် တာဝန်ခံများက ရေနံဓာတ်ငွေ့ရည် (LPG) တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ လုပ်ကိုင်ဆောင်ရွက်သွားကြရန်၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဂရုတစိုက် ဆောင်ရွက်သွားရန်နှင့် ကြိုတင်ကာကွယ်ရေးအနေဖြင့် ဇာတ်တိုက်လေ့ကျင့်မှုများအပြင် မီးငြိမ်းသတ်ရာတွင် လိုအပ်သော ပစ္စည်းများကိုလည်း စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဖြည့်ဆည်း ဆောင်ရွက်ထားကြရန်၊ ရေနံဓာတ်ငွေ့ရည် (LPG) ဖြန့်ဖြူးရောင်းချသူများအနေဖြင့် သုံးစွဲသူပြည်သူများ လုံခြုံစိတ်ချစွာကိုင်တွယ် အသုံးပြု နိုင်ရေးအတွက် အသိပညာပေးမှုများအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အရည်အသွေး အခြင်အတွယ်မှန်ကန်ရေးနှင့် ရေနံဓာတ်ငွေ့ရည် (LPG) ကို သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးရောင်းချရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး ရေနံဓာတ်ငွေ့ရည် (LPG) အရောင်းဆိုင်များအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ပါသည်။
ကရင်ပြည်နယ်၊ မြဝတီနယ်စပ်ဒေသရှိ ရေနံဓာတ်ငွေ့ရည်(LPG)လုပ်ငန်းရှင်များအသင်း သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ပြဌာန်းထားသော စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ ပြည်တွင်းသို့ တစ်လလျှင် ရေနံဓာတ်ငွေ့ရည် (LPG) တန် ၂၀၀၀ ခန့် ပုံမှန်ဖြန့်ဖြူး ပေးလျက်ရှိပါသည်။ နိုင်ငံအတွင်း ရေနံဓာတ်ငွေ့ရည် (LPG) ကို ကျယ်ပြန့်စွာသုံးစွဲခြင်းအားဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု လျှော့ချနိုင်ခြင်း၊ ထင်း၊ မီးသွေးနေရာတွင်လည်း အစားထိုးသုံးစွဲ နိုင်ခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုလည်း လျှော့ချ စေနိုင်ခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။