The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် မွန်ပြည်နယ်၊ သထုံမြို့ရှိ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ(ခ)အဆင့်(သထုံ) စက်သုံးဆီသိုလှောင်ဖြန့်ဖြူးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၁၉ ခုနှစ် ၊ နိုဝင်ဘာလ ၁၂ ရက်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် မွန်ပြည်နယ်၊ သထုံမြို့၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း လက်အောက်ရှိ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ(ခ)အဆင့်(သထုံ) စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရေး စခန်းသို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲသို့ ရောက်ရှိရာ ပြည်နယ်ရောင်းဝယ်ရေးအရာရှိနှင့် ဌာနခွဲတာဝန်ခံတို့က သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ၏ လုပ်ငန်း ဆောင်ရွက်မှု၊ သိုလှောင်ကန်စာရင်းနှင့် စက်သုံးဆီလက်ကျန်အခြေအနေ၊ သထုံခရိုင်အတွင်း ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ထားရှိမှုအခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက တရားမဝင် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချမှုမရှိစေရေး ကြပ်မတ် ဆောင်ရွက်သွားရန်၊ နိုင်ငံတော်ပိုင် စက်သုံးဆီလက်ကျန်များနှင့် ဌာနပိုင်ပစ္စည်းများ၊ မော်တော်ယာဉ်များအား  လေလွင့်ပျက်စီးဆုံးရှုံးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက် သွားရန်၊ Bowser Filling Facility များအား ပုံမှန်လည်ပတ်အသုံးပြုနိုင်ရေးအတွက် စနစ်တကျ အမြဲစစ်ဆေးမောင်းနှင်ဆောင်ရွက်သွားရန်နှင့်  သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲအတွင်း မီးဘေး အန္တရာယ် ကင်းရှင်းရေးနှင့် ကြိုတင် ကာကွယ်နိုင်ရေးအစီအမံများအား ဆောင်ရွက်သွားရန်၊ မြေပေါ်ဆီ သိုလှောင်ကန်နှင့် မြေအောက်ဆီသိုလှောင်ကန်များအား ဆက်လက်အသုံးပြုနိုင်ရေး ထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲအတွင်းရှိ Bowser Filling Station Point ၊ မြေပေါ်ဆီသိုလှောင်ကန်၊ မြေအောက်ဆီ သိုလှောင်ကန်များနှင့် ဌာနပိုင် မော်တော်ယာဉ်များအား  လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအား လမ်းညွှန် မှာကြားခဲ့ပါသည်။

          အဆိုပါ  သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ(ခ)အဆင့်(သထုံ)သည် ယခင်က ရန်ကုန်မြို့၊ ပင်မ ရေနံသိုလှောင်ဖြန့်ဖြူးရေးဌာနကြီး(က)အဆင့် (ဓနိတော)မှ စက်သုံးဆီများအား မီးရထားဖြင့် သယ်ဆောင်၍ သထုံဌာနခွဲမှတစ်ဆင့် ဘားအံမြို့ရှိ စက်သုံးဆီအရောင်းဆိုင်နှင့် သထုံခရိုင်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ လစဉ်စက်သုံးဆီများအား ဖြန့်ဖြူးပေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
12-Nov-2019