၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ( ၃၀ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် သည် ရေနံမြေရဲမှူးကြီးနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်ရှိ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ Mandalay Operation Center (တောမ) ၊ တောင်သာမြို့နယ်ရှိ သဘာဝဓာတ်ငွေ့ Off-Take Station နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းလက်အောက်ရှိ ပျော်ဘွယ်ပိုက်လိုင်းပြုပြင် ထိန်းသိမ်းရေးစခန်းတို့အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စဉ့်ကိုင်မြို့နယ်ရှိ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်း Mandalay Operation Center(တောမ)သို့ရောက်ရှိရာ တာဝန်ရှိသူများက ရေနံနှင့်သဘာဝဓာတ်ငွေ့များ လက်ခံပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြ ကြရာ ဒုတိယဝန်ကြီးက ရေနံနှင့်သဘာဝဓာတ်ငွေ့များ စဉ်ဆက်မပြတ် ပုံမှန်ဖြန့်ဖြူးပေးနိုင်ရေး အတွက် ပိုက်လိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေးသည် အရေးကြီးသဖြင့် ပိုက်လိုင်းနှင့် Compressor များအားလေ့လာစောင့်ကြည့်၍ လိုအပ်သော စစ်ဆေးပြုပြင်မှုများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားကြရန်၊ စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသော ဒေသခံမြန်မာဝန်ထမ်းများအား လုပ်ငန်းခွင် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများပို့ချ၍ စီမံကိန်းတစ်ခုလုံး ကြပ်မတ်ကွပ်ကဲ ဆောင်ရွက် နိုင်သူများဖြစ်စေရေး လေ့ကျင့်ပျိုးထောင်ပေးစေလိုပါကြောင်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ဝန်ထမ်းများကိုလည်း ပိုက်လိုင်းထိန်းသိမ်းပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းများကို လက်ခံဖွင့်လှစ်သင်ပေးစေလိုကြောင်း မှာကြားခဲ့ပြီး Control Station အတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်သာမြို့နယ်ရှိ သဘာဝဓာတ်ငွေ့ Off-Take Station သို့ရောက်ရှိရာ စီမံကိန်းတာဝန်ရှိသူများက သဘာဝဓာတ်ငွေ့ Off-Take Station ၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြကြပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့ သည် Off-Take Station Control Room အတွင်း သဘာဝဓာတ်ငွေ့ လက်ခံပို့လွတ် ဖြန့်ဖြူးမှု အခြေအနေများ ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။
ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို Mandalay Off-Take Station (တောမ) မှ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသို့ သဘာဝ ဓာတ်ငွေ့ တစ်နေ့ လျှင် ကုဗပေ ၂၈ သန်းခန့် နှင့် တောင်သာ Off-Take Station မှ သဘာဝဓာတ်ငွေ့ကုဗပေ ၇၂ သန်း ခန့် စုစုပေါင်း ကုဗပေ သန်း၁၀၀ခန့်အား မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ဘဲလင်း သဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်းနှင့် မြင်းခြံသဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်းတို့မှတစ်ဆင့် ရယူ၍ ပြည်တွင်းရှိ ကျောက်ဆည်မှန်စက်ရုံ၊ ဘဲလင်းမြို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ မြင်းခြံမြို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ များသို့ သဘာဝဓာတ်ငွေ့များ ပုံမှန် ဖြန့်ဖြူးပေးလျက်ရှိပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပျော်ဘွယ်မြို့နယ်ရှိ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၏ ပျော်ဘွယ်ပိုက်လိုင်းပြုပြင်ထိန်းသိမ်းရေးစခန်းသို့ ရောက်ရှိရာ စခန်းတာဝန်ခံက ပိုက်လိုင်းစခန်းမှ တာဝန်ယူ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက် များအား မှာကြားခဲ့ပြီး ပိုက်လိုင်းစခန်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။