၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၅ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာ နိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး H.E. Mr. Thomas Karl Neisinger အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၊ ၁၀:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ ဂျာမနီနိုင်ငံမှ ကုမ္ပဏီများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်နေမှုများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးနိုင်ရေး၊ ဝန်ကြီးဌာနမှ လက်ရှိ ဆောင်ရွက်နေသော စီမံချက်များနှင့် အနာဂတ် စီမံချက်များတွင် ဂျာမနီနိုင်ငံမှ နည်းပညာနှင့် ဘဏ္ဍရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံများ၊ ဓာတ်မြေသြဇာစက်ရုံများ အဆင့်မြှင့်တင်ရေးတွင် ဂျာမနီနိုင်ငံမှ ပံ့ပိုးကူညီနိုင်ရေး၊ National Renewable Energy Committee (NREC) ဖွဲ့စည်းမှုနှင့် အနာဂတ်လျှပ်စစ်စွမ်းအား ထုတ်လုပ်မှုတွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှုတိုးမြှင့်ရေး ရည်မှန်းချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ မူဝါဒ၊ နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုကဏ္ဍ အသီးသီးတွင် စွမ်းရည်မြှင့်တင်ရေးအတွက် ပံ့ပိုးကူညီနိုင်ရန် စသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ ကြပြီး၊ ၂၀၂၀ ခုနှစ်၊ မတ်လတွင် ဂျာမနီနိုင်ငံ၌ ကျင်းပပြုလုပ်မည့် “6th Berlin Energy Transition Dialogue - A Global Green Deal” သို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်ရန်အတွက် ဖိတ်ကြားလွှာ အား ပေးအပ်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ထွန်းနိုင်နှင့် ဦးခင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။