The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင် တနင်္သာရီတိုင်းဒေသကြီးအတွင်း စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၁၉  ခုနှစ်၊  ဒီဇင်ဘာလ (  ၆  ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ဌာန ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ရေယာဉ်များအား စက်သုံးဆီ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချခွင့်လိုင်စင်ရရှိထားသော ပုဂ္ဂလိကပိုင်ရေယာဉ်များ၊ မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းလက်အောက်ရှိ သိုလှောင် ဖြန့်ဖြူးရေးဌာနခွဲ(ခ)အဆင့် (မြိတ်) နှင့် NEPAS ဖက်စပ်ကုမ္ပဏီ၏ မြိတ်လေယာဉ်ဆီ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲတို့သို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြိတ်မြို့ရှိ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ  ရေယာဉ်များအား စက်သုံးဆီတိုက်ရိုက်ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ခွင့်ပြုထုတ်ပေးထားသော ပုဂ္ဂလိကပိုင်ရေယာဉ်များအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှု များအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စက်သုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင် ရေပြင် နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး၊ အရည်အသွေး အခြင်အတွယ်မှန်ကန်ရေး၊ လိုင်စင်ပါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများကိုလည်း အကြံပြုတင်ပြပေးစေလိုပါကြောင်း သို့မှသာ မိမိတို့ဌာနမှ လိုအပ်သောအကူအညီများ ပံ့ပိုး ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပုဂ္ဂလိကပိုင်ရေယာဉ်များအား စက်သုံးဆီဖြန့်ဖြူး ရောင်းချခွင့်လိုင်စင် လျှောက်ထားလာမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးတွင် ၃ စီး၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၂ စီး၊ မကွေးတိုင်းဒေသကြီးတွင် ၁ စီး၊ တနင်္သာရီ တိုင်းဒေသကြီးတွင် ၁၀ စီး၊ မွန် ပြည်နယ်တွင် ၃ စီးနှင့် ရခိုင်ပြည်နယ်တွင် ၄ စီး စုစုပေါင်း ပုဂ္ဂလိကပိုင်ရေယာဉ် ၂၃ စီးအား ရေယာဉ် များအား စက်သုံးဆီ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချခွင့်လိုင်စင်များအား စိစစ်ခွင့်ပြုထုတ်ပေးထား ပါသည်။

          ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း လက်အောက်ရှိ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ(ခ)အဆင့်(မြိတ်)သို့ ရောက်ရှိရာ တိုင်းရောင်းဝယ်ရေး အရာရှိနှင့်ဌာနခွဲတာဝန်ခံတို့က သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်မှု၊ သိုလှောင်ကန် စာရင်းနှင့် စက်သုံးဆီ လက်ကျန်အခြေအနေ၊ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်၊ ရေယာဉ်နှင့် လေဆိပ်များသို့ စက်သုံးဆီဖြန့်ဖြူး ရောင်းချခွင့်လိုင်စင် ခွင့်ပြုထုတ်ပေးမှုအခြေအနေနှင့် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ထားရှိမှုအခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ ဒုတိယ ဝန်ကြီး က တရားမဝင် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချမှုမရှိစေရေး ကြပ်မတ် ဆောင်ရွက်သွားရန်၊ နိုင်ငံတော်ပိုင်စက်သုံးဆီ လက်ကျန်များနှင့် ဌာနပိုင်ပစ္စည်းများ လေလွင့်ပျက်စီး ဆုံးရှုံးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်၊ သိုလှောင် ဖြန့်ဖြူးရေးဌာနခွဲအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး အစီအမံများအား ဆောင်ရွက်သွားရန်၊ မြေပေါ်ဆီသိုလှောင်ကန်နှင့် မြေအောက်ဆီ သိုလှောင်ကန်များအား ဆက်လက်အသုံးပြုနိုင်ရေး ထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဆိပ်ခံတံတားနှင့် သိုလှောင်ကန်စခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

          အဆိုပါ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ (ခ) အဆင့် (မြိတ်) သည် ယခင်က ရန်ကုန်မြို့၊ သန်လျင် ရေနံချက်စက်ရုံမှ စက်သုံးဆီများအား Tanker များဖြင့် သယ်ဆောင်၍ မြိတ်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်နှင့် ဌာနဆိုင်ရာရုံးများသို့ လစဉ် စက်သုံးဆီများအား ဖြန့်ဖြူးပေးခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် National Energy Puma Aviation Services (NEPAS) ဖက်စပ်ကုမ္ပဏီ၏ မြိတ်လေယာဉ်ဆီ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲသို့ ရောက်ရှိရာ တာဝန်ခံမှ လေယာဉ်ဆီ သိုလှောင်ဖြန့်ဖြူးပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယ ဝန်ကြီးမှ လေယာဉ်ဆီများကို ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှ ဘောက်ဆာဖြင့် သယ်ယူရာတွင် လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ဂရုတစိုက် ဆောင်ရွက်သွားရန်၊ လေယာဉ်သို့ ဆီဖြည့်တင်းရာ တွင်လည်း ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ Refuller ဆီဖြည့်ယာဉ်အား ကြံ့ခိုင်မှုရှိစေရေး စနစ်တကျကိုင်တွယ်အသုံးပြုရန်၊ လေယာဉ်ဆီများ စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး တို့ကိုလည်း အထူးအလေးထား ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

          မြိတ်လေယာဉ်ဆီ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲသည် မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းနှင့် စင်္ကာပူနိုင်ငံအခြေစိုက် Puma Energy Group Pte. Ltd တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လစဉ် လေယာဉ်ဆီ ၃၈၀၀၀ ဂါလန်ခန့်အား ဖြန့်ဖြူးပေးလျက်ရှိပါသည်။

Post under by : ဝန်ကြီးရုံး
06-Dec-2019