၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၁၂ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀% ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် ပြခန်းများ၊ နိဗ္ဗာန်စျေးပွဲတော်အခမ်းအနားများ၊ စာတမ်းဖတ်ပွဲအခမ်းအနားများ ဖွင့်လှစ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊စက်မှု၊လျှပ်စစ်နှင့်စွမ်းအင် ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀% ပြည့်မြောက်သည့်အထိမ်းအမှတ်ပြခန်းများ ဖွင့်ပွဲအခမ်းအနားနှင့် တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံး ဝန်ထမ်းမိသားစုများ၏ နိဗ္ဗာန်စျေး ပွဲတော်ဖွင့်ပွဲအခမ်းအနားများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊စက်မှု၊လျှပ်စစ်နှင့်စွမ်းအင် ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ) ဆင်မြူရယ်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်တို့က ဖဲကြိုးဖြတ်၍ အသီးသီး ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဧည့်သည်တော်များ သည် ဝန်ကြီးဌာနနှင့် ကုမ္ပဏီအဖွဲ့အစည်းများမှ ခင်းကျင်းပြသထားသော ပြခန်းများ နှင့် နိဗ္ဗာန်စျေးပွဲတော်အတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀% ပြည့်မြောက်သည့် အထိမ်းအမှတ်စာတမ်းများဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ၎င်းစာတမ်းဖတ်ပွဲတွင် စာတမ်း ၂၆ စောင်ကို ၁၂-၁၂-၂၀၁၉ ရက်နေ့နှင့် ၁၃-၁၂-၂၀၁၉ ရက်နေ့များ၌ ဖတ်ကြားသွားမည်ဖြစ်ပါသည်။
၎င်းနောက် ညနေပိုင်းတွင် ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်းနှင့် ညစာစားပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀% ပြည့်မြောက်သည့် အထိမ်းအမှတ်အခမ်းအနား Logo ပြိုင်ပွဲတွင် ဆုရရှိခဲ့သော ဝန်ထမ်း ၂ ဦးအားလည်းကောင်း၊ အထိမ်းအမှတ်သီချင်းစာသားရေးစပ်သီဆိုသူ ဝန်ထမ်း ၁ ဦးအားလည်းကောင်း၊ ၃၁-၃-၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်းကြောင့် ပျက်စီးသွားသော ဓာတ်အားလိုင်း များအား အချိန်တိုအတွင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအားလည်းကောင်း၊ ၂၃၀ ကေဗွီ ရွှေလီ-မန်စံဓာတ်အားလိုင်းနှင့် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-ကျောက်တော်ဓာတ်အားလိုင်းတို့တွင် Conductor (C-Phase) ကြိုးပျက်ကျခြင်းနှင့် ကြိုးလွန်းဖွာခြင်းများ ဖြစ်ပေါ်ခဲ့ရာ အချိန်တိုအတွင်း ပြန်လည် ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုများကြောင့် ဓာတ်အားပြတ်တောက်မှုအနည်းဆုံး ဖြစ်ရန် ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအားလည်းကောင်း ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။