The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ဓာတ်အားလိုင်းနှင့် နီးကပ်စွာ အလုပ်မလုပ်ကြပါနဲ့

ဓာတ်ကြိုးအောက်နဲ့နီးကပ်စွာအလုပ်မလုပ်ကြပါနဲ့xxxxxxxxxxxxအန္တရာယ်ရှိတယ်xxxxxxx

          တီဗွီလိုင်းများတွင် ထုတ်လွင့်လျက်ရှိသော လျှပ်စစ်အန္တရာယ် သတိပေး သီချင်းမှ သီချင်း စာသားကို သတိရမိပါသည်……လျှပ်စစ်ဓာတ်အားလိုင်းအောက်နှင့် ဓာတ်အားလိုင်းအနီးတွင် လုပ်ငန်း ဆောင်ရွက်ပါက လျှပ်စစ်အန္တရာယ်နှင့် ကြုံတွေ့ရမည် ဖြစ်ပါသည်။ လျှပ်စစ်ဓာတ်လိုက်မှု ဖြစ်စဉ်များ တွင် အများဆုံး ဖြစ်စဉ်ဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း ဇန်နဝါရီလမှ ဇူလိုင်လအထိ ဓာတ်လိုက်မှု ဖြစ်စဉ် ပေါင်း   ၃၄ ခု ရှိခဲ့ရာ ဒဏ်ရာ ရရှိသူ ၁၁ ဦး၊ သေဆုံးသူ ၂၂ ဦးအထိ ရှိခဲ့ပါသည်။ ဓာတ်လိုက်မှု ဖြစ်စဉ် အချို့ကို ဖော်ပြရပါက……

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဦး……… မှ နှစ်ထပ်တိုက် အဆောက်အဦ ဆောက်လုပ်ရန် သံဟင်္ဂလန် ချောင်းများဖြင့် ငြမ်းစင် ပြုလုပ်နေစဉ် အနီး ရှိ ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် သံဟင်္ဂလန်ချောင်းများထိမိပြီး ဓာတ်လိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့ပါသည်။

          ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က မကွေးမြို့တွင် ဦး…….. သည် နှစ်ထပ်ဆိုင်ခန်း၏ အပေါ်ထပ်တွင် ဆိုင်းဘုတ်ချိတ်ရန် အတွက် ဆိုင်းဘုတ်ကို မြှောက်ကိုင်လိုက်ရာမှ အပေါ်တွင် ရှိသော ၁၁ ကေဗွီ ဓာတ်အားလိုင်း၏ စက်ကွင်းအတွင်း ရောက်ရှိ၍ လျှပ်ပန်းဒဏ်ရာရရှိပြီး ဓာတ်လိုက် သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါသည်။

          ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က မကွေးတိုင်းဒေသကြီး မိကျောင်းရဲမြို့၊ ပုထိုးရွာတွင် အဆောက်အဦအား အမိုးမိုးရန်အတွက် မောင်……..မှ သွပ်ပြားအား လက်ဖြင့်ကိုင်တွယ် ဆွဲယူရာတွင် အနီးရှိ ၁၁ ကေဗွီ ဓာတ်အားလိုင်း နှင့် ထိမိပြီး လျှပ်စစ်စီးဝင်၍ ဓာတ်လိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါသည်။

          ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ ဖျောက်ဆိပ်ပင်၏ ရေကန်ဘက်သို့ ထိုးထွက်နေသော သစ်ပင်သစ်ကိုင်းများ အား ဦး……..မှ ခုတ်ထွင်းစဉ် ၁၁ ကေဗွီ ဓာတ်အားလိုင်း နှင့် ထိမိပြီး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါ သည်။

          ၂၀၁၅ ခုနှစ် မတ်လ ၄ ရက်နေ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့၊ စျေးတန်းရပ်၊ နယ်မြေ (၁၀) ကျောက်ဂူတောရပ်ကျောင်းလမ်းတွင် ဦး……….မှ မိမိနေအိမ်ရှေ့ရှိ မလေးရှား ပိတောက်ပင်ရှိ ပိတောက်ကိုင်းများ ခုတ်ရာမှ ၄၀၀ ဗို့ ဓာတ်အားလိုင်းပေါ်သို့ ပိတောက်ကိုင်း ကျပြီး ဓာတ်အားလိုင်း ကြိုး ပျက်ကြခဲ့ပါသည်။ ပြတ်ကျသော ဓာတ်အားလိုင်းကြိုးကို ဦး………..မှ ကိုင်တွယ်မိရာမှ ဓာတ် လိုက် သေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။

          ဖော်ပြပါ ဓာတ်လိုက်မှု ဖြစ်စဉ်များသည် ဓာတ်အားလိုင်းအောက်၊ ဓာတ်အားလိုင်းနှင့် နီးကပ်စွာ လုပ်ငန်း ဆောင်ရွက်ကြခြင်းကြောင့် ဖြစ်ရာ ကြိုတင် အသိရှိပြီး သတိဖြင့် ဆောင်ရွက်ကြရန် လိုအပ်ပါ သည်။ လျှပ်စစ်အသိအနေဖြင့် အဆောက်အဦများ ဆောက်လုပ်ရာတွင် လျှပ်စစ်ဓာတ်အားလိုင်းကြိုး များအောက်တွင် ဆောက်လုပ်ခြင်း မပြုရပါ။ အဆောက်အဦ နှင့် ဓာတ်အားလိုင်း အမျိုးအစားအလိုက် ဘေးတိုက် သတ်မှတ် အန္တရာယ်ကင်း အကွာအဝေးများမှာ ၄၀၀ ဗို့ ဓာတ်အားလိုင်းတွင် ၄ ပေ၊ ၆.၆ ကေဗွီ ဓာတ်အားလိုင်းတွင် ၆ ပေ၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းတွင် ၈ ပေ၊ ၃၃ ကေဗွီ ဓာတ်အားလိုင်းတွင် ၁၀ ပေ၊ ၆၆ ကေဗွီ ဓာတ်အားလိုင်းတွင် ၁၅ ပေ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်း နှင့် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းတွင် ၅၀ ပေ အကွာအဝေး အတွင်းမှာသာ အဆောက်အဦများ ဆောက်လုပ်ရမည် ဖြစ်ပါသည်။

          အဆောက်အဦ ဆောက်လုပ်သူများအနေဖြင့် လည်းကောင်း၊ ဆောက်လုပ်ခွင့် ချမှတ်ပေးသော ဌာနဆိုင်ရာများ အနေဖြင့် လျှပ်စစ်အသိအနေဖြင့် ဓာတ်အားလိုင်းများနှင့် သတ်မှတ် အကွာအဝေးတွင် ရှိရန် အထူးသတိပြုဘို့ လိုအပ်ပါသည်။ အဆောက်အဦ ဆောက်လုပ်မည့် နေရာသည် ဓာတ်အားလိုင်း အနီးတွင် ရှိပါက သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ဆက်သွယ်ပြီး အန္တရာယ်ကင်းရှင်းမှု အကွာအဝေးကို ရယူသင့်ပါသည်။ မြို့တွင်း အဆောက်အဦများကို လမ်းများအနီးရှိ ဓာတ်အားလိုင်းများ နှင့်ကပ်၍ ဆောက်လုပ်မှုများ ရှိကြရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လျှပ်စစ်အန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုများ ဖြစ်ပွားလျက်ရှိပါသည်။ အချို့မြို့များတွင် ဓာတ်ဆီဆိုင်များ၊ တိုးဂိတ်များသည် မြို့၏အဝင်အထွက် ကားလမ်းမဘေးရှိ ဓာတ်အားလိုင်းများအောက်တွင် ဆောက်လုပ်နေသည်များကို လည်း တွေ့ရှိနေရပါသည်။

          မြို့ကွက်သစ်၊ ရွာကွက်သစ်၊ ခြံမြေကွက်သစ်များ ဖော်ထုတ်ရာတွင် ယခင် တည်ဆောက်ထား ပြီးသော ဓာတ်အားလိုင်းများ၏ အန္တရာယ်ကင်းရှင်းမှု အကွာအဝေး ဧရိယာကို ချန်လှပ်ထားရမည် ဖြစ်ပါသည်။ မြို့/ကျေးရွာ ကွက်သစ်များ ဖော်ထုတ်ရာတွင် ဓာတ်အားလိုင်း တည်ရှိရာ နေရာကိုပါ ထည့်သွင်း အကွက်ရိုက်သဖြင့် ဓာတ်အားလိုင်း ဧရိယာအတွင်း ရရှိသူများက ဓာတ်အားလိုင်းကို ရွှေ့ပြောင်း တည်ဆောက်ပေးရန် တောင်းဆိုမှုများလည်း ရှိနေကြပေသည်။ မူလရှိပြီးသား ဓာတ်အား လိုင်းကို အခြားနေရာသို့ ရွှေ့ပြောင်း တည်ဆောက်ရန် ငွေကြေးကုန်ကျမှု ၊ နေရာ ခက်ခဲမှု၊ အခြားသူ များ၏ ပိုင်နက် ဧရိယာသို့ ထပ်မံရောက်ရှိသွားမှု စသည့်အခက်အခဲများ ကြုံတွေ့ ရမည် ဖြစ်ပါသည်။

 ဓာတ်အားလိုင်း နှင့် နီးကပ်သော သစ်ပင် သစ်ကိုင်းများ ခုတ်ရာမှ လျှပ်စစ်အန္တရာယ် ဖြစ်ပွား မှုကို ရှောင်ရှားရန်အတွက် လျှပ်စစ်ရုံးသို့ ကြိုတင် အကြောင်းကြားရန် လိုအပ်ပါသည်။ လမ်းများပေါ်တွင် သစ်ပင်များ စိုက်ပျိုးရာတွင်လည်း အပင်ကြီး မျိုးများဖြစ်သည့်ကျွန်းပင်၊ ပိတောက်ပင်၊ ကက္ကိုလ် ပင်၊ တမာပင် စသည့်အပင်များကို စတင် စိုက်ပျိုးစဉ်ကပင် စိုက်ပျိုးမည့်အပင်၏ အပေါ် ဘက် နှင့် ဘေးဘက်တွင် ဓာတ်အားလိုင်းကြိုး များ ရှိမရှိကို သတိပြု စိုက်ပျိုးကြပါက လျှပ်စစ်အန္တရာယ်ကို ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။ အချို့နေရာ များ၌ ဓာတ်အားလိုင်းကြိုးအောက်တွင် ကျွန်းပင် စိုက်မိရာ မှ ကျွန်းပင် ကြီးလာသည့်အခါ ဓာတ်အားလိုင်း ရွှေ့ပြောင်းပေးရသည့်ဖြစ်စဉ်များ ၊ ဓာတ်အားလိုင်း နှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ရာ မှ လျှပ်စစ်ဝန်ထမ်းများ အရေးယူ ခံရသည့်ဖြစ်စဉ်များ ရှိခဲ့ပါသည်။ သို့ဖြစ်ပါ၍ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးကို ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်း များကပါ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ဖော်ပြအပ်ပါသည်။

-  “အဆောက်အဦ ဆောက်လုပ်ရာတွင် ဓာတ်အားလိုင်းကြိုးများ အောက်နှင့် ဓာတ်အားလိုင်း အနီး တွင် ဆောက်လုပ်ခြင်း မပြုရ”

-  “ဓာတ်အားလိုင်း နှင့် သတ်မှတ်အကွာအဝေးတွင်သာ အဆောက်အဦ ဆောက်လုပ်ပါ”

-  “ဓာတ်အားလိုင်းကြိုးများအောက်တွင် အပင်ကြီးမျိုးများ မစိုက်ရပါ”

-  “မြို့ကွက်သစ်၊မြေကွက်၊ခြံကွက်များ ဖော်ထုတ်ရာတွင် ဓာတ်အားလိုင်းသတ်မှတ်ဧရိယာ ချန်ထား ပြီး အန္တရာယ် ကင်းလွတ်သည့် ဧရိယာ၌သာဆောင်ရွက်ပါ”

03-Jan-2018