၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဓာတ်အားသုံးစွဲမှုမှစ၍ ပြုပြင်ကောက်ခံမည့် ဓာတ်အားခ စနစ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသုံးပြုသော အလွှာစနစ်ဖြင့် ကောက်ခံခြင်း ဖြစ်ပါသည်။အခြေခံ သုံးစွဲသူများနှင့် အသေးစား စက်မှုလုပ်ငန်းရှင်များ အတွက် သက်သာမှု ရှိအောင် ဆောင်ရွက် ပေးထားပါ သည်။ အစိုးရဌာနများအတွက် ရုံးသုံးမီတာ တစ်ယူနစ် ၅၀ ကျပ်၊ စက်မှုသုံး တစ်ယူနစ် ၁၀၀ ကျပ်၊ အများပြည်သူတို့အတွက် အိမ်သုံးမီတာ ၁၀၀ ယူနစ်အထိကို တစ်ယူနစ် ၃၅ ကျပ်၊ ၁၀၀ ယူနစ် ကျော်သွားပါက ကျော်လွန်သည့် ယူနစ်များအတွက် တစ်ယူနစ် ၅၀ ကျပ်၊ အများပြည်သူ (စက်မှုသုံး၊ တစ်လုံးတစ်ခဲ တည်းသုံး၊ ယာယီမီး)များအတွက် ၅၀၀၀ ယူနစ်အထိ တစ်ယူနစ်လျှင် ၁၀၀ ကျပ်၊ ၅၀၀၀ ယူနစ်ကျော်သွားပါက ကျော်လွန်သည့် ယူနစ်များ အတွက် တစ်ယူနစ် ၁၅၀ ကျပ် ကောက်ခံသွားမည် ဖြစ်ပါသည်။
တိုင်းဒေသကြီး / ပြည်နယ်များရှိ မီးသုံးစွဲသူများမှ အခြေခံ မသုံးမဖြစ် ထမင်းဟင်း ချက်ခြင်း နှင့် သင့်တင့်သော အလင်းရောင်အသုံးပြုသော အိမ်များ သည် လစဉ် ၁၀၀ ယူနစ် ပတ်ဝန်း ကျင်သာ ရှိကြောင်း တွေ့ရှိရပါသည်။ တစ်လ ၁၀၀ ယူနစ် ခန့် သုံးစွဲသူများမှာ ရာခိုင်နှုန်းအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးတွင် ၅၀% ခန့်၊ မန္တလေးတိုင်းဒေသကြီးတွင် ၅၈% ကျော်၊ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ၇၀% ခန့် ရှိကြောင်း တွေ့ရှိရပါသည်။ ဓာတ်အား တစ်ယူနစ် သုံးစွဲခြင်းမှာ ဝပ်အား ၁၀၀၀ ဝပ်(၁ ကီလိုဝပ်)ရှိသော လျှပ်စစ်ပစ္စည်းအား အချိန် ၁ နာရီ သုံးစွဲခြင်း ဖြစ်ပါသည်။ ဓာတ်အား တစ်ယူနစ်ကို ၂၀ ဝပ် ၂ ပေမီးချောင်း တစ်ချောင်း သုံးပါက ၅၀ နာရီ၊ ၄၀ ဝပ် ၄ ပေမီး ချောင်း တစ်ချောင်း သုံးပါက ၂၅ နာရီ အသုံးပြုနိုင်ပါသည်။ ၇၅၀ ဝပ် မီးပူ ၁ လုံးကို ၁ နာရီ ၂၀ မိနစ် သုံးစွဲခြင်းသည် ဓာတ်အား တစ်ယူနစ်အသုံးပြုခြင်းဖြစ်ပါသည်။ ၂၁ လက်မ TV ၁ လုံးနှင့် DVD စက် (အောက်စက်)တို့တွဲဖက် သုံးပါက ၁၀ နာရီသုံးစွဲနိုင်ပါသည်။ တစ်ကီလိုဝပ်ဖြင့် ၈၀၀ ဝပ် ထမင်းချက်အိုး နှင့် ဟင်းတစ်အိုး ချက်ပြုတ်နိုင်ပါသည်။
ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများဖြစ်သော အမေရိကန်၊ ဂျပန်၊ တရုတ်၊ ကိုရီးယား နိုင်ငံများသည် ပင်လျှင် ဓာတ်အားခ နှုန်းထားကို ထုတ်လုပ်မှုကုန်ကျ စရိတ်ပေါ် မူတည်၍ ကောက်ခံလျက်ရှိပြီး အခြေခံ လူတန်းစားများအတွက် ဓာတ်အားခ စျေးနှုန်း လျှော့ရောင်းခြင်းမျိုး၊ အစိုးရမှ စိုက်ထုတ် ကုန်ကျခံ ပေးခြင်းများ မရှိပါ။ အာဆီယံနိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင် နိုင်ငံများတွင်လည်း ထုတ်လုပ်ကုန်ကျမှု စရိတ်ပေါ် မူတည်၍ တစ်ယူနစ် ၁၀၀ ကျပ်ကျော် ကောက်ခံမှု ရှိကြပါသည်။ စင်္ကာပူနိုင်ငံသည် ပြည်သူများ ဓာတ်အားရရှိမှု ၁၀၀%ရှိပြီး တစ်ယူနစ် ဓာတ်အားခ ၁၇၀ ကျပ်၊ ထိုင်းနိုင်ငံသည် ပြည်သူများ ဓာတ်အားရရှိမှု ၉၉.၃%ရှိပြီး တစ်ယူနစ် ဓာတ်အားခ ၈၈ ကျပ်၊ ဖိလစ်ပိုင်နိုင်ငံသည် ပြည်သူများ ဓာတ်အားရရှိမှု ၈၉.၇%ရှိပြီး တစ်ယူနစ် ဓာတ်အားခ ၂၇၂ ကျပ်၊ အင်ဒိုနီးရှားနိုင်ငံသည် ပြည်သူများ ဓာတ်အားရရှိမှု ၇၃.၇%ရှိပြီး တစ်ယူနစ် ဓာတ်အားခ ၂၃၆ ကျပ်၊ ဗီယက်နမ်နိုင်ငံသည် ပြည်သူများ ဓာတ်အားရရှိမှု ၉၇.၃%ရှိပြီး တစ်ယူနစ် ဓာတ်အားခ ၁၂၅ ကျပ်၊ ကမ္ဘောဒီယားနိုင်ငံသည် ပြည်သူများ ဓာတ်အားရရှိမှု ၂၄%ရှိပြီး တစ်ယူနစ် ဓာတ်အားခ ၃၅ ကျပ်၊ မြန်မာနိုင်ငံသည် ပြည်သူများ ဓာတ်အားရရှိမှု ၃၀%ရှိပြီး တစ်ယူနစ် ဓာတ်အားခ ၃၅ ကျပ် ကောက်ခံနေကြပါသည်။ မြန်မာ၊ ကမ္ဘောဒီယားတို့ကဲ့သို့ နိုင်ငံတော်က စိုက်ထုတ် ကုန်ကျခံပေးသော နိုင်ငံများသာ လျှပ်စစ် ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနည်းပြီး အများပြည်သူသို့ ဓာတ်အား ဖြန့်ဖြူးပေးမှုတွင် မြန်မာနိုင်ငံက ၃၀%၊ ကမ္ဘောဒီယားနိုင်ငံက ၂၄% သာ ရှိသေးကြောင်း သိရှိနိုင်ပါ သည်။
World Bank, ADB, JICA တို့မှ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများ ရယူဆောင်ရွက် လျက်ရှိရာတွင် ချေးငွေများ ပြန်လည်ပေးဆပ်ရန် အတွက် ထုတ်လုပ်မှု ကုန်ကျ စရိတ်ကို ကာမိသော ဓာတ်အားခ နှုန်းထားဖြင့် ရောင်းချမှုဖြစ်ရန် လိုအပ်ကြောင်း ယင်းအဖွဲ့များက အကြံပြုကြပါသည်။ ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပြည်တွင်း/ပြည်ပ ကုမ္ပဏီ များ၏ ဓာတ်အားထုတ်လုပ်မှုကို ဝယ်ယူရာတွင်လည်း ထုတ်လုပ်မှု ကုန်ကျစရိတ်အတိုင်း ဝယ်ယူရမည် ဖြစ်ပါသည်။ လက်ရှိ မြန်မာနိုင်ငံ၏ ဓာတ်အားခကောက်ခံမှုစနစ်သည် အစိုးရမှ စိုက်ထုတ် ကုန်ကျခံသော ကောက်ခံမှုစနစ် ဖြစ်နေပါသည်။ နိုင်ငံတော်မှ စိုက်ထုတ်ဓာတ်အား ဖြန့်ဖြူးသောနိုင်ငံများတွင် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုး တိုးတက်မှု နှောင့်နှေးခြင်း၊ နည်းပါးခြင်းများ ဖြစ်ပေါ် နေပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွင်ဖြစ်စေ၊ စက်မှုကုန်ထုတ်လုပ်ငန်းတွင် ဖြစ်စေ၊ သတင်း စာတိုက်၊ ဂျာနယ်တိုက်များတွင် ဖြစ်စေ ထုတ်လုပ်မှုကုန်ကျ စရိတ် နှင့် ကာမိသော ရောင်းစျေးရမှသာ လုပ်ငန်းများ ဆက်လက်ရှင်သန်နိုင်မည်ကို လူတိုင်းသိရှိကြပါသည်။ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနသည်လည်း နိုင်ငံတော် ဘဏ္ဍာငွေ ရှာဖွေပေးရမည့် စီးပွားရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ အမြတ်မရှိရင် တောင် အရှုံးမပေါ်မှ ဆက်လက်ဓာတ်အားဖြန့်ဖြူးပေး နိုင်မည် ဖြစ်ပါ သည်။ တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ် ကာမိအောင် ရောင်းချနိုင်ပါမှ လက်ရှိ ၃၀% ဓာတ်အား ရရှိနေသူများကို ပထမအဆင့် အနေဖြင့် မီးမပြတ်အောင် ဆောင်ရွက်ပေးနိုင်ပြီး ဒုတိယအဆင့် အနေဖြင့် အမြတ်အစွန်း ရရှိမှုပေါ် မူတည်၍ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
ဓာတ်အားတစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် ကျောက်မီးသွေးဖြင့် ထုတ်လုပ် ခြင်း တစ်ယူနစ် ခန့်မှန်းကုန်ကျငွေ ၁၀၀ ကျပ်၊ သဘာဝ ဓာတ်ငွေ့ဖြင့် ထုတ်လုပ်ခြင်း တစ်ယူနစ် ခန့်မှန်း ကုန်ကျငွေ ၁၃၀ ကျပ်၊ နေရောင်ခြည်စွမ်းအင်ဖြင့် ထုတ်လုပ်ခြင်း တစ်ယူနစ် ခန့်မှန်းကုန်ကျငွေ ၁၆၀ ကျပ်၊ ရေအားလျှပ်စစ်ဖြင့် ထုတ်လုပ်ခြင်း တစ်ယူနစ် ခန့်မှန်းကုန်ကျငွေသည် ရင်းနှီးမြုပ်နှံမှုပေါ် မူတည် ၍ ၇၀ ကျပ်ခန့်အထိ ကုန်ကျမှုရှိပါသည်။ မြန်မာနိုင်ငံတွင် လက်ရှိ ဓာတ်အားထုတ်လုပ်မှုတွင် ရေအား လျှပ်စစ်စက်ရုံများ ထုတ်လုပ်မှု ၇၀% ပါဝင်ခြင်း ကြောင့် နွေရာသီတွင် ရေအားစက်ရုံများ ထုတ်လုပ် နိုင်မှု လျော့နည်းသဖြင့် ဓာတ်အား မလုံလောက်မှုများ ဖြစ်ပေါ်ခြင်း ဖြစ်ပါသည်။ နွေရာသီတွင် ဓာတ်အားလုံလောက်မှု ရရှိစေရန်အတွက် သဘာဝ ဓာတ်ငွေ့သုံးစက်ရုံများ၊ ကျောက်မီးသွေးစက်ရုံများ၊ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံများကို တည်ဆောက်လျက်ရှိရာ ရေအား၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးစက်ရုံများ ပေါင်းစုပါက တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်သည် ၁၀၀ ကျပ် ကျော်လွန်သည်အထိ ကုန်ကျမည် ဖြစ်ပါသည်။ ဓာတ်အားခ နှုန်းထား အဟောင်းဖြစ်သော အများ ပြည်သူ ၃၅ ကျပ်၊ စက်မှုလုပ်ငန်း ၇၅ ကျပ်ဖြင့် ကောက်ခံပါက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အနေဖြင့် တစ်နှစ်ထက်တစ်နှစ် ပိုမို၍ အရှုံးပေါ် မည် ဖြစ်ပါသည်။
လက်ရှိအခြေအနေတွင် ဓာတ်အား တစ်ယူနစ်အပေါ် ၂၂ ကျပ် စိုက်ထုတ် ရောင်းချ ရသဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ၁၈၅ ဘီလီယံကျပ် အရှုံး ပေါ်ခဲ့ပါသည်။ အရှုံးကို ကာမိစေရန် နိုင်ငံတော်က စိုက်ထုတ်ကျခံထားခြင်းကြောင့်သာ ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုကို ဆက်လက် ဆောင်ရွက်ပေးနေနိုင်ခြင်းဖြစ်ပါသည်။ စက်မှုလုပ်ငန်း၊ အရောင်း အဝယ် လုပ်ငန်း၊ ဂျာနယ်သတင်းစာတိုက် စသည့် စီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများက အများ ပြည်သူ သက်သာမှုရှိအောင် အရှုံးခံရောင်းချ ပေးနေပါက ရေရှည်ရပ်တည်ပြီး တိုးတက်အောင် ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ထိုသို့ အရှုံးခံဆောင်ရွက်ပေးသော စီးပွားရေးလုပ်ငန်းများလည်း မရှိပါ။ ၁၉၈၀ ခုနှစ်က ဓာတ်အားခ တစ်ယူနစ် ၅၀ ပြား ကောက်ခံချိန်တွင် ဆေးလိပ်တစ်လိပ် ၁၅ ပြားဖြစ်ပြီး ယနေ့ ဓာတ်အားခ ၃၅ ကျပ် ကောက်ခံချိန်တွင် ဆေးလိပ်တစ်လိပ် ၃၅ ကျပ်၊ ကွမ်းယာ တစ်ယာ ၁၅ ပြားမှ ယနေ့ ၃၅ ကျပ်၊ လဘက်ရည် တစ်ခွက် ၅၀ ပြားမှ ယနေ့ ၃၀၀ ကျပ်၊ မုန့်ဟင်းခါး တစ်ပွဲ ၅၀ ပြားမှ ယနေ့ ၃၀၀ ကျပ်၊ ဂျာနယ်တစ်စောင် ၁ ကျပ်မှ ယနေ့ ၅၀၀ ကျပ်၊ ဓာတ်ဆီတစ်ဂါလံ ၃ ကျပ် ၅၀ ပြားမှ ယနေ့ ၄၀၀၀ ကျပ်စျေးအထိ ရှိနေပါသည်။ ပြောင်းလဲတိုးတက်လာသော အခြား ကုန်ပစ္စည်းများ၏ တန်ဘိုးနှင့် နှိုင်းယှဉ်ပါက ဓာတ်အားခ နှုန်းထား တိုးမြှင့်မှုသည် အဆများစွာ နည်းနေပါသည်။ မြတ်နေ၍ မဟုတ်ပဲ အရှုံးခံ၍ နိုင်ငံတော်၏ စိုက်ထုတ်ငွေဖြင့် ဖြန့်ဖြူးပေးနေခြင်း ဖြစ်ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်လုပ်မှု ကုန်ကျစရိတ် ကာမိခြင်း မရှိသော ဓာတ်အားခ နှုန်းထားဖြင့် ဖြန့်ဖြူး၍ အရှုံးဖြစ်ပေါ်နေခြင်းအား နိုင်ငံတော်က စိုက်ထုတ် ကုန်ကျခံပေးနေရပါက ရေရှည် ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ အခြား ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအပေါ် အကျိုးသက်ရောက်မှု ရှိမည် ဖြစ်ပါသည်။ ရပ်ကွက်တစ်ခုအတွင်း မီးလင်းနေသော အိမ်ကို မီးမရသေးသော မှောင်နေသည့် အိမ်က ငေးကြည့်နေရသည့် ခံစားချက်မျိုး၊ နိုင်ငံအတွင်း လက်ရှိ လျှပ်စစ်မီး ရရှိထားပြီးဖြစ်သည့် ၃၀% သော ပြည်သူ တွေက အခွင့်အရေး ခံစားရရှိပြီး ကျန်လျှပ်စစ်မီးမရရှိသေးသည့် ၇၀% သော ပြည်သူတွေ လျှပ်စစ်မီး မျှော်လင့်နေမှုများကို စာနာပေးရမည် ဖြစ်ပါသည်။
ဓာတ်အားခ နှုန်းထား ပြင်ဆင်ကောက်ခံခြင်းမှ ပိုမိုရရှိလာမည့် ဝင်ငွေပေါ် မူတည်၍ နိုင်ငံတော်က စိုက်ထုတ်ကုန်ကျမှုများ သက်သာမည် ဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအတွက် စိုက်ထုတ် ကုန်ကျငွေ နည်းလာပါက လျှပ်စစ်ဓာတ်အား မရရှိသေးသော မြို့/ကျေးရွာများ ဓာတ်အား ရရှိရေး အချိန် စောလျင်စွာ ဆောင်ရွက်ပေးနိုင်ခြင်း၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများ ဆောင်ရွက် ရာတွင် ပိုမို သုံးစွဲလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်ပါသည်။
ဝေယံ