၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီလ ၁၂ ရက်
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော အထက်နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိပါသည်။
စီမံကိန်းလုပ်ငန်းခွင်တွင် တာဝန်ရှိသူများမှ ရေအားအဆောက်အအုံ တည်ဆောက်နေမှု ဓာတ်အားပေးစက်ရုံ၊ ရေထိန်းကန်၊ ဖိအားမြှင့် သံမဏိပိုက်လိုင်း၊ ရေသွယ်မြောင်းတည်ဆောက် နေမှု၊ ရေလွှဲဆည်၊ ရေယူအဆောက်အအုံ တည်ဆောက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့ပါသည်။
ထို့နောက် စီမံကိန်းရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးအား ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစန်းဝေမှ စီမံကိန်းဆိုင်ရာ အချက် အလက်များ၊ အဓိကတည်ဆောက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးမှ လိုအပ်သည်များကို ညွှန်ကြားခဲ့ပါသည်။
အထက်နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်းသည် ကချင်ပြည်နယ်၊ ပူတာအိုမြို့၏ အနောက်တောင် ဘက် (၇)မိုင်ခန့်အကွာ နမ့်ထွမ် ချောင်းပေါ်တွင် တည်ရှိပြီး ပူတာအိုဒေသ၊ မချမ်းဘောမြို့အပါအဝင် အနီးပတ်ဝန်းကျင်ရှိ မြို့ရွာများဖွံ့ဖြိုးရေးအတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို ရေအား လျှပ်စစ်ဖြင့် အလုံအလောက်ဖြန့်ဖြူးပေးနိုင်ရေးအတွက် စက်တပ်ဆင်အင်အား (၃.၂)မဂ္ဂါဝပ်ရှိ အထက်နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ပါသည်။
စီမံကိန်းအား ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ပညာရှင်များနှင့် ဆွစ်ဇာလန် နိုင်ငံ STUCKY SA မှ ပညာရှင်များ ပူးပေါင်း၍ ၂၀၁၄ခုနှစ် ၊ မတ်လမှ ဇွန်လအထိ စူးစမ်း လေ့လာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး စီမံကိန်းကို ၂၀၁၄ခုနှစ် ၊ ဇွန်လ (၂၄) ရက်နေ့မှစ၍ ဆောင်ရွက်ခဲ့ပါသည်။
သြစတြီးယားနိုင်ငံထုတ် ဓာတ်အားပေးစက်များတပ်ဆင်၍ စက်(၁)လုံးလျှင် (၀.၈)မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်(၄)လုံးဖြင့် နှစ်စဉ် ကီလိုဝပ်နာရီသန်းပေါင်း (၁၄.၁၃)သန်း ထုတ်လုပ်ပေးနိုင်မည် ဖြစ်ပြီး စီမံကိန်းတခုလုံး၏ (၇၀%)ခန့် ပြီးစီးနေပြီဖြစ်ပါသည်။
ဓာတ်အားပေးစက်ရုံ၏ စက်တပ်ဆင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈ ခုနှစ်၊ ဧပြီလတွင် ဓာတ်အားပေးစက်(၁) လုံး စမ်းသပ်လည်ပတ် ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပူတာအိုမြို့နယ်အတွင်း ကျေးရွာ (၂၂)ရွာ ၊ မချမ်းဘောမြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာ (၃)ရွာတို့တွင် ၁၁ ကေဗွီဓာတ်အားလိုင်းအဆင်သင့် တည်ဆောက် ထားရှိပြီးဖြစ်သဖြင့် စီမံကိန်းပြီးစီးပါက ပူတာအိုမြို့နှင့် မချမ်းဘောမြို့များသည် ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။