၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူ များလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ညောင်တုန်း ရေနံနှင့်သဘာဝဓာတ်ငွေ့မြေသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် တာဝန်ရှိသူမှ ညောင်တုန်း/ မအူပင် (တောင်) ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက ဖြည့်စွက်ရှင်းလင်းတင်ပြမှု တို့အပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားပါသည်။
ညောင်တုန်းရေနံနှင့်သဘာဝဓာတ်ငွေ့မြေသည် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်း မြို့နယ်၊ ဆားမလောက်ကျေးရွာ၏ အနောက်တောင်ဘက် ၄ မိုင်ခန့်အကွာတွင် တည်ရှိပြီး တွင်းပေါင်း ၅၆ တွင်း တူးဖော်ခဲ့ရာ ယခုအခါ တွင်းပေါင်း ၁၆ တွင်းမှ လေဆီ ၁၃၀ စည်နှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၈ သန်းခန့် နေ့စဉ် ထုတ်လုပ်လျက်ရှိပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ် (၂) ရေနံ ဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)သို့ရောက်ရှိပြီး စက်ရုံအတွင်း ရေနံဓာတ်ငွေ့ရည်ထုတ်လုပ် မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၎င်းနောက် စက်ရုံရှင်းလင်းဆောင်တွင် တာဝန်ရှိသူများမှ ရေနံဓာတ်ငွေ့ရည်စက်ရုံ ၂ ရုံနှင့် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင် ၄ ဆိုင် လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားပါသည်။
အမှတ် (၂) ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)အား မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ရတနာစု ကုမ္ပဏီလီမိတက်သို့ ငှားရမ်းလုပ်ကိုင်စေပြီး ရေနံဓာတ်ငွေ့ရည်ထုတ်လုပ်ခြင်းနှင့် ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင် ၄ ဆိုင် ဖွင့်လှစ်ရောင်းချစေခဲ့ပါသည်။ ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း) မှ နေ့စဉ် LPG ၁၂.၅ တန် ထုတ်လုပ်ပြီး သဘာဝဓာတ်ငွေ့ နေ့စဉ် ကုဗပေ ၁၆.၈ သန်း သုံးစွဲလျက်ရှိပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ မအူပင် (တောင်) သို့ ရောက်ရှိပြီး ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက သဘာဝဓာတ်ငွေ့ တူးဖော်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေတို့ကို မြေပုံ ကားချပ်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားပြီး အစမ်းတွင်းအမှတ် (၁၉) တွင်းတူးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး (တူးဖော်ရေး) မှ ရှင်းလင်းတင်ပြခဲ့မှု အပေါ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ရက်အတွင်း စီမံကိန်းလုပ်ငန်းများပြီးစီးစေရေး၊ လူမှု စီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီး သက်ဆိုင်ရာကျေးရွာများ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၏ တောင်ဘက် ၁.၅ မိုင်နှင့် ညောင်တုန်းရေနံနှင့်သဘာဝ ဓာတ်ငွေ့မြေ၏ တောင်ဘက် ၂၀ မိုင်ခန့်တွင် တည်ရှိပြီး တွင်းပေါင်း ၂၁ တွင်း တူးဖော်ခဲ့ရာ ယခုအခါ တွင်းပေါင်း ၇ တွင်းမှ လေဆီ ၁၈၀ စည်နှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၂၃ သန်းခန့် နေ့စဉ် ထုတ်လုပ်လျက်ရှိပါသည်။