လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ
ကိစ္စရပ်များနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီးများ
တွေ့ဆုံ ဆွေးနွေးခြင်းနှင့် ကလောပင်မဓာတ်အားခွဲရုံအား ကြည့်ရှုစစ်ဆေးသည့် သတင်း
နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ မတ်လ ( ၄ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မတ်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီးများအားတွေ့ဆုံ၍ ရှမ်းပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက် သွားရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ဒေသများသို့ လျှပ်စစ် လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များအား ကြည့်ရှုစစ်ဆေးရန် သွားရောက်စဉ် တိုင်း/ပြည်နယ် ဒေသများ၏ အစိုးရအဖွဲ့နှင့်တွေ့ဆုံ၍ လျှပ်စစ်ဆိုင်ရာ လိုအပ်ချက်များ၊ ပြည်သူလူထုနှင့် ထိတွေ့ ဆက်ဆံဆောင်ရွက်နေသည့် လုပ်ငန်းများကို အနီးကပ်မြင်တွေ့ရပါကြောင်း၊ တိုင်း/ပြည်နယ် ဒေသများ၏ အစိုးရအဖွဲ့များနှင့်လည်း တွေ့ဆုံရသဖြင့် ပိုမိုပြီး လျှပ်စစ်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခွင့်ရခဲ့ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှလည်း လျှပ်စစ်ကဏ္ဍဆိုင်ရာအခက်အခဲများ၊ လိုအပ်ချက်များကို ဆွေးနွေးပေးရန်လိုကြောင်း၊ လျှပ်စစ်ကဏ္ဍတွင် အပိုင်း(၃)ပိုင်း ခွဲခြား ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်လုပ်ရေးအပိုင်း၊ ဓာတ်အားထုတ်လုပ်သည့်နေရာမှ သုံးစွဲမည့် နေရာသို့ ဈေးနှုန်းသက်သာစွာဖြင့် အလေအလွင့်အနည်းဆုံး သယ်ယူပို့ဆောင်ပေးရမည့်အပိုင်း နှင့် သုံးစွဲသူများထံသို့ ဈေးနှုန်းချိုသာစွာဖြင့် အရည်အသွေးပြည့်မီစွာ ဖြန့်ဖြူးပေးရသည့် အပိုင်းဟူ၍ (၃) ပိုင်းခွဲခြား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံလျှပ်စစ်ဓာတ်အား လိုအပ်ချက် ၏ ၃၉% ခန့်သာ ထုတ်လုပ်ပေးနိုင်သေးပါကြောင်း၊ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆောင်ရွက်ရန် လုပ်ငန်းများစွာ ရှိပါသေးကြောင်း၊ တိုင်းပြည်၏ ယနေ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ၄၅၀၀ မဂ္ဂါဝပ်ခန့်ရှိပြီး လက်ရှိထုတ်လုပ်နိုင်မှုမှာ ၃၂၀၀ မဂ္ဂါဝပ်ခန့်ရှိ၍ လိုအပ်ချက်ပြည့်မီရန် လိုနေသေးပါကြောင်း၊ ၂၀၂၀-၂၀၂၁ နှစ်တွင် ဓာတ်အားလိုအပ်ချက် မြင့်တက်လာပြီး၊ နောက်ထပ် ၃၀၀၀ မဂ္ဂါဝပ်ခန့် ထပ်မံလိုအပ်လာမည်ဖြစ်ပါကြောင်း၊ အစိုးရသစ် အနေဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပြည့်မီရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ လိုအပ်သော လျှပ်စစ်ဓာတ်အား ၃၀၀၀ မဂ္ဂါဝပ် ကို ၃ နှစ်အတွင်း ဖြည့်ဆည်းနိုင်ရန် LNG သဘာဝဓာတ်ငွေ့ရည်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ကာလတိုအတွက် ရွေးချယ် ဆောင်ရွက်ရန်စီစဉ်လျက်ရှိပါကြောင်း၊ ထို့အပြင် ရေအားလျှပ်စစ်စီမံကိန်းများ၊ သဘာဝဓာတ်ငွေ့ နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးမျိုးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးတွက် ဆောင် ရွက်လျက်ရှိပါကြောင်း၊ ရေရှည်အဖြစ် ရေအားလျှပ်စစ်စီမံကိန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်များစွာရှိပါကြောင်း၊ ၃ နှစ်အတွင်း ရင်းနှီးမြှုပ်နှံ လိုသူများနှင့်ပူးပေါင်း၍ ဓာတ်အားထုတ်လုပ်ရေးနှင့် ပို့ဆောင်ရေးအပိုင်းကို ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြီးစီးပါက မြန်မာနိုင်ငံတစ်နိုင်ငံလုံးသို့ ဖြန့်ကျက်၍ လျှပ်စစ် ဓာတ်အားပို့လွှတ်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၂၂-၂၀၂၃ နှစ်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အတော်အသင့် ဖြည့်ဆည်းဖြန့်ဖြူးနိုင်မည်ဟု သုံးသပ်ရပါ ကြောင်း၊ ၎င်းအပြင် စက်သုံးဆီအပိုင်းတွင်လည်း နိုင်ငံပိုင်ရေနံချက်စက်ရုံများအား ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ အဆင့်မြှင့်တင်ပြီး စက်သုံးဆီအရည်အသွေးအား နိုင်ငံ တကာစံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ LPG ကဏ္ဍတွင်လည်း အိမ်တွင်းသုံးစွဲသူများနှင့် စက်မှုလက်မှုလုပ်ငန်း သုံးစွဲသူများအား ဈေးနှုန်း သက်သာစွာဖြင့်သုံးစွဲနိုင်ရန် LPG ထုတ်လုပ်မှုတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပရင်းနှီး မြှုပ်နှံသူ များနှင့်ပူးပေါင်း၍ နိုင်ငံပိုင်မှ ပုဂ္ဂလိကလုပ်ငန်းထုတ်လုပ်မှုသို့ လွှဲပြောင်းပေးပြီး ဆောင်ရွက်နေပါကြောင်း၊ မြို့ကြီးများမှ နယ်မြို့ ၊ ကျေးရွာများအထိ LPG သုံးစွဲ လာနိုင် မည်ဖြစ်ကြောင်း၊ LPG သုံးစွဲမှုများလာပါက လျှပ်စစ်လိုအပ်ချက်လည်း လျော့ကျစေမည် ဖြစ်ကြောင်း၊ မီတာကဏ္ဍတွင်လည်း ဧပြီလမှစ၍ မီတာစနစ် (၄) မျိုးခွဲခြား သတ်မှတ် အသုံးပြု သွားမည်ဖြစ်ပါကြောင်း၊ ယခင်က မီတာတပ်ဆင်ရာတွင် စနစ်တမျိုးထဲသာ အသုံးပြုခဲ့ရသဖြင့် မီတာတန်ဖိုးကြီးမားသည့်အတွက် အခြေခံကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိသော်လည်း မသုံးစွဲနိုင်ပါကြောင်း၊ ယခုကဲ့သို့ ခွဲခြားဆောင်ရွက်ခြင်းဖြင့် လျှပ်စစ်မီးပိုမိုသုံးစွဲနိုင်တော့မည် ဖြစ်ပါကြောင်း ပြောကြားပါသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ရှမ်းပြည်နယ်အတွင်း လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြား ပါသည်။
ဆက်လက်၍ တက်ရောက်လာသော ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ မိမိတို့ တာဝန်ယူရသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အသီးအသီး တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရှမ်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် ဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်း တင်ပြ ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှ သိရှိလိုသည်များမေးမြန်းပြီး လိုအပ်ချက် များအား ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) လျှပ်စစ်အင်ဂျင် နီယာရုံး၊ တောင်ကြီးမြို့သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်/ ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ ကယားပြည်နယ် လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများအားတွေ့ဆုံစဉ် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများမှ မိမိတို့ ပြည်နယ်/ ခရိုင်/မြို့နယ်အလိုက် မီးသုံးစွဲသူဦးရေ တိုးတက်လာမှု၊ ဓာတ်အားခနှုန်းထား နှင့် ကောက်ခံမှု အခြေအနေဓာတ်အားပျောက်ဆုံးမှု လျော့ချရေးလုပ်ငန်းများ၊ ဆောင်ရွက်မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြကြရာ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ဖြည့်စွက်ရှင်းလင်းတင်ပြပြီး တင်ပြမှုတို့အပေါ် ပြည်ထောင်စု ဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲ ရေးဦးစီးဌာန၊ ကလောပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားပို့လွှတ်/ လက်ခံ/ ဖြန့်ဖြူးနေမှုအခြေအနေများအားလည်းကောင်း၊ ဓာတ်အားခွဲရုံ Switch Yard အတွင်း ထရန်စဖော်မာ အသစ်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။