နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ ( ၁ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင်ဓာတ်အားလိုင်း ၂၂.၂ မိုင်၊ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ရသေ့တောင် ဓာတ်အားခွဲရုံဖွင့်ပွဲနှင့် ရသေ့တောင်မြို့အား နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အား စတင်ဖြန့်ဖြူးခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ ဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ နှင့် ဒေသခံပြည်သူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ရခိုင်ပြည်နယ်၏ အထက်ပိုင်းတွင်ရှိသည့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်မှ ရရှိသုံးစွဲနိုင်ရန် ပုဏ္ဏားကျွန်း - ရသေ့တောင် - ဘူးသီးတောင် - မောင်တော ၆၆ ကေဗွီ ဓာတ်အားလိုင်း ၆၄.၅ မိုင်နှင့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်ရေး စီမံကိန်းများ အနက် ပထမအဆင့်အနေဖြင့် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် ဓာတ်အားလိုင်း ၂၂.၂ မိုင် နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ရသေ့တောင်ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးသွားသဖြင့် ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ခြင်းဖြစ်ပါကြောင်း၊ ယခင်က ရသေ့တောင်မြို့ပေါ်တွင် အိမ်ထောင်စုပေါင်း ၁၅၃၀ ကျော်ရှိသည့်အနက် အိမ်ထောင်စု ၉၈၆ စုကိုသာ ၅၀၀ ကေဗွီအေ မီးစက် ၁ လုံး၊ ၂၀၀ ကေဗွီအေ မီးစက် ၁ လုံးတို့ဖြင့် တစ်နေ့လျှင် ၅ နာရီ ခန့်၊ ဘူးသီးတောင်မြို့တွင် အိမ်ထောင်စုပေါင်း ၃၃၇၄ ရှိသည့်အနက် အိမ်ထောင်စု ၁၂၃၁ စုကို ၅၀၀ ကေဗွီအေ မီးစက် ၂ လုံး၊ ၄၀၀ ကေဗွီအေ မီးစက် ၁ လုံးတို့ဖြင့် တစ်နေ့လျှင် ၉ နာရီခွဲခန့်၊ မောင်တောမြို့တွင် အိမ်ထောင်စုပေါင်း ၄၄၇၆ ကျော်ရှိသည့်အနက် အိမ်ထောင်စု ၁၇၉၉ စုကိုသာ ၁၀၀၀ ကေဗွီအေ မီးစက် ၁ လုံး၊ ၅၀၀ ကေဗွီအေ မီးစက် ၁ လုံးတို့ဖြင့် တစ်နေ့လျှင် ၁၂ နာရီခန့်သာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ယခုအခါ ၂၄နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် နိုင်ငံတော်ဓာတ်အားစနစ်ရောက်ရှိပြီး ဖြစ်သည့် ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်း ပင်မဓာတ်အားခွဲရုံမှ ပုဏ္ဏားကျွန်း - ရသေ့တောင် - ဘူးသီးတောင် - မောင်တော ၆၆ ကေဗွီ ဓာတ်အားလိုင်း ၆၅.၁ မိုင် တည်ဆောက်ခြင်း၊ ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်း ပင်မဓာတ်အားခွဲရုံတွင် ၆၆ ကေဗွီ Switch Bay တိုးချဲ့ခြင်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အပြီး တည်ဆောက် ရန် လျာထားဆောင်ရွက်လျက်ရှိပြီး ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ဒေသတစ်ခု လုံးကို နိုင်ငံတော်ဓာတ်အားစနစ်မှ ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ယခု စီမံကိန်းကြီးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊ စီမံကိန်း တစ်ခုလုံးအတွက် တည်ဆောက်ရေးကုန်ကျစရိတ် စုစုပေါင်းကျပ် ၃၀ ဘီလီယံခန့် ကျခံ သုံးစွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဓာတ်အားစနစ်မှ ဓာတ်အားမရရှိသေးသည့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နှင့် ပတ်ဝန်းကျင်ဒေသများ အမြန်ဆုံး လျှပ်စစ်ဓာတ်အားရရှိရေး လမ်းညွှန်ချက်အရ စီမံကိန်း လုပ်ငန်းများကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင် ဓာတ်အားလိုင်း ၂၂.၂ မိုင်၊ ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်းဓာတ်အားခွဲရုံ Switch Bay တိုးချဲ့တည်ဆောက်ခြင်းနှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ရသေ့တောင် ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပါ၍ ရသေ့တောင်မြို့ကို နိုင်ငံတော်ဓာတ်အားစနစ်မှ ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် လုပ်ငန်းများအားလုံးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပြီးစီးရန် ဆက်လက်အကောင်အထည်ဖော်သွားမည် ဖြစ်ပြီး ရခိုင်ပြည်နယ်အထက်ပိုင်းဒေသကို ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်တော့မည် ဖြစ်ပါကြောင်း၊ ယခု စီမံကိန်းကြီးနှင့်အတူ ဓာတ်အားဖြန့်ဖြူးရေးလိုင်းနှင့် ထရန်စဖော်မာ များကို ဆက်လက်တည်ဆောက်ပေးလျက်ရှိရာ ရသေ့တောင်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာ ပေါင်း ၁၉၆ ရွာ (အိမ်ထောင်စု အနေဖြင့် ၂၈၅၉၄ စု) ရှိသည့်အနက် ကျေးရွာ ၂၆ ရွာ (အိမ်ထောင်စုပေါင်း ၅၉၁၈ စု)၊ ဘူးသီးတောင်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၃၃၉ ရွာ (အိမ်ထောင်စုအနေဖြင့် ၄၆၁၉၂ စု) ရှိသည့်အနက် ကျေးရွာ ၁၁ ရွာ (အိမ်ထောင်စုပေါင်း ၁၅၆၆ စု) ၊ မောင်တောမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၃၄၇ ရွာ (အိမ်ထောင်စုအနေဖြင့် ၅၀၀၂၁ စု) ရှိသည့်အနက် ကျေးရွာ ၁၅ ရွာ (အိမ်ထောင်စုပေါင်း ၂၄၂၂ စု) တို့ကို နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါကြောင်း၊ ဓာတ်အားရရှိ သုံးစွဲနိုင်ခြင်း မရှိသေးသည့် ကျေးရွာများကိုလည်း ဓာတ်အားရရှိသုံးစွဲနိုင်အောင် ဆက်လက် လုပ်ဆောင် ပေးသွားမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိပါက အသေးစားစက်မှုလက်မှု လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတစ်ဝန်း လျှပ်စစ် ဓာတ်အားအပြည့်အဝ သုံးစွဲနိုင် ရေးအတွက် စွမ်းအင်အရင်းအမြစ်အမျိုးမျိုးဖြစ်သည့် ရေအား၊ သဘာဝဓာတ်ငွေ့၊ လေစွမ်းအင်၊ နေစွမ်းအင် စသည့် ဓာတ်အားထုတ်လုပ်ပေးနိုင်မည့် နည်းလမ်း ပေါင်းစုံဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်ကို နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ၂၀၁၁ ခုနှစ်မှစတင်၍ လေ့လာတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး၊ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၂ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် ဒေသခံပြည်သူလူထု၏ ပူးပေါင်းကူညီမှု၊ ဝန်ကြီး ဌာနမှ ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှု၊ ဆက်စပ်ဝန်ကြီးဌာနများ၏ ပေါင်းစပ် ညှိနှိုင်းပေးမှုများကြောင့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ရခိုင်ပြည်နယ်အတွင်းရှိ တောင်ကုတ်၊ ကျောက်ဖြူ၊ အမ်း၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မြောက်ဦး၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်တော်နှင့် ပတ်ဝန်းကျင်ကျေးရွာများကို ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း စုစုပေါင်း ၄၀၈.၂၅ မိုင်၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၃၅၄.၇၁ မိုင် တည်ဆောက်ခဲ့ပြီး နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားစတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ဓာတ်အားခွဲရုံ များအနေဖြင့် ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်မြို့များတွင် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံကြီး ၄ ရုံနှင့် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ တောင်ကုတ်၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့များတွင် ၆၆ ကေဗွီ ဓာတ်အားခွဲရုံများကို တည်ဆောက်ပေးခဲ့ပါကြောင်း၊ အဆိုပါတည်ဆောက်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်ဘတ်ဂျက် မှ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၂၈.၃၄၉ သန်း ၊ အိန္ဒိယနိုင်ငံချေးငွေ အမေရိကန် ဒေါ်လာ ၆၄.၀၇ သန်း၊ တရုတ်နိုင်ငံမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၁၀ သန်း၊ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၀၂.၄၁၉ သန်းနှင့် ပြည်တွင်းငွေကျပ် ၈၈ ဘီလီယံတို့ကို အကုန်အကျခံ တည်ဆောက် ခဲ့ရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး စက်တပ်ဆင်အင်အား ၁၀၀ မဂ္ဂါဝပ်ရှိသည့် ဓာတ်အား ပေးစက်ရုံတစ်ရုံကို ကျောက်ဖြူမြို့တွင်လည်း တည်ဆောက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထပ်မံ၍ ၂၀၁၆ ခုနှစ်အတွင်း မအီ၊ မင်းပြားနှင့် ပတ်ဝန်းကျင်ကျေးရွာများကို ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ ၁ ရုံ၊ ၆၆/၃၃ ကေဗွီ၊ ၂၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ ၁ ရုံတို့ကို တည်ဆောက်၍ ဓာတ်အားထပ်မံဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် ၂၃၀ ကေဗွီ အသုတ်ခွဲရုံမှ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၅၅ မိုင်နှင့် ၆၆ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ ၁ ရုံတို့ကို နိုင်ငံတော်က ပြည်တွင်းငွေကျပ် ၁၀.၈၈ ဘီလီယံ အကုန်အကျခံ တည်ဆောက်၍ ရခိုင်ပြည်နယ်၏ တောင်ဘက်အကျဆုံးမြို့နယ်ဖြစ်သည့် ဂွမြို့နယ်ကို ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်းပင်မ ဓာတ်အား ခွဲရုံတွင် ၆၆/၁၁ ကေဗွီ၊ ၂၀ အမ်ဗွီအေ ထရန်စဖော်မာ ၁ လုံး တိုးချဲ့တည်ဆောက်ပြီးစီးခဲ့ပြီး ပုဏ္ဏားကျွန်း မြို့ပေါ်ရှိ ရပ်ကွက် ၄ ခု(မီးသုံးစွဲသူဦးရေ ၂၄၀၈)ကို ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်နေ့မှစတင်ပြီး ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပါ ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးရှိ ပြည်သူ များ လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ပြီး လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာစေရေး၊ စိုက်ပျိုးရေး အခြေခံ အသေးစားနှင့် အလတ်စားစက်မှုလုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး၊အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေများတိုးတက်ရေးတို့ကို အထူးအလေး ထားပြီး တစ်စိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအကျဆုံးဖြစ်သည့် လျှပ်စစ်မီးကို တစ်နိုင်ငံလုံး ရရှိသုံးစွဲ နိုင်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အားတိုးတက် ရရှိလာသည်နှင့်အမျှ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍ အားလုံးတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုမှ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် ဓာတ်အားလိုင်း ၂၂.၂ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ရသေ့တောင်ဓာတ်အားခွဲရုံ ဖွင့်ပွဲ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အစိုးရသက်တမ်းကာလ ၂ နှစ် အတွင်းလျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ တိုးတက်ဆောင်ရွက်ထားရှိမှုအခြေအနေ Video Clip အား ပြသခဲ့ပြီး နိုင်ငံတော်ဓာတ်အားစနစ်မှ နောင်(၅)နှစ်အတွင်း ဓာတ်အား ရောက်ရှိနိုင်ခြင်း မရှိသေးသည့် ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော နှင့် စနဲဒေသ အချို့တွင် အသုံးပြုရန် တစ်အိမ်ထောင်သုံး ဆိုလာမီးအိမ် (၄၀၀) ခုအား ACCORHOTELS GROUP ၏ တာဝန်ရှိသူမှ ပေးအပ်လှူဒါန်းရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင်ဓာတ်အားလိုင်း ၂၂.၂ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ရသေ့တောင်ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားအား အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးအေးသာအောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ နှင့် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင် တို့မှဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြပြီး ဓာတ်အားခွဲရုံ ကမ္ဗည်းကျောက်စာ အား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များမှ အမွှေး နံ့သာရည်များ ပက်ဖျန်းပေးကြပါသည်။
ဆက်လက်၍ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားကို ရသေ့တောင် ဓာတ်အားခွဲရုံမှတစ်ဆင့် ရသေ့တောင်မြို့နှင့် ပတ်ဝန်းကျင်ဒေသများသို့ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ပေးနိုင်ရန်အတွက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့မှ စက်ခလုတ် နှိပ်၍ ပို့လွှတ်ဖြန့်ဖြူးပေးခဲ့ပါသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဓာတ်အားခွဲရုံ Switch Yard နှင့်ဓာတ်အားထိန်းချုပ်ခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။