The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ကိစ္စရပ်များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပြည်နယ်/ခရိုင်/ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် တွေ့ဆုံခြင်း၊ စစ်တွေလေဆိပ်ရှိ လေယာဉ်ဆီဖြန့်ဖြူးရေး ဌာနခွဲနှင့် စစ်တွေ ၆၆/၁၁ ကေဗွီ ၊ ၂၀ အမ်ဗွီအေ ဓာတ်အားခွဲရုံအား ကြည့်ရှုစစ်ဆေးသည့် သတင်း

နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ ( ၂ ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ရောက်ရှိပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားတွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက် သွားရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ လက်ရှိတွင်ဆောင်ရွက်လျက်ရှိသော သူဌေးချောင်းရေအား လျှပ်စစ်စက်ရုံတည်ဆောက်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ လေးမြို့လျှပ်စစ်ဓာတ်အားထုတ်လုပ် ရေးစီမံကိန်းအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မောင်တောမြို့နယ်အတွင်းရှိ ကြိမ်ချောင်း ကျေးရွာအနီး ပတ်ဝန်းကျင်ဒေသများသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည့်အခြေအနေ၊ မဒဲကျွန်းတွင် ဓာတ်အားရရှိရေးအတွက် ၆၆ ကေဗွီ ကျောက်ဖြူ-မဒဲ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည် ဆောက်နေမှုအခြေအနေနှင့် ဓာတ်အားစနစ်မရောက်ရှိသေးသည့် မာန်အောင်ကျွန်းတွင် လျှပ်စစ် ဓာတ်အားပေးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်မှုအခြေအနေ တို့နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို မေးမြန်းတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးမှ ၎င်းစီမံကိန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ပြန်လည် ပြောကြား ရှင်းလင်းဆောင်ရွက်ပေးခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများမှ မိမိတို့ခရိုင်အလိုက် မီးသုံးစွဲသူဦးရေ၊ ၆၆/၁၁ ကေဗွီနှင့် ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံများ အသုံးပြု လျက်ရှိသော ဝန်အားအခြေအနေ၊ ဓာတ်အားပျောက်ဆုံးမှု လျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို အသီးသီး ရှင်းလင်းတင်ပြကြပါသည်။ ထို့နောက် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြပြီး တင်ပြမှုများအပေါ် ဦးဆောင်ညွှန်ကြားရေးမှူး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဖြည့်စွက် ရှင်းလင်းတင်ပြ၍ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များအပေါ် လမ်းညွှန်မှာကြားခဲ့ပြီး ဘူးသီးတောင်နှင့် မောင်တော ဒေသတို့တွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော အရာထမ်း၊ အမှုထမ်း (၁၉)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေလေဆိပ်ရှိ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းနှင့် National Energy Puma Aviation Services တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော လေယာဉ်ဆီဖြန့်ဖြူးရေးဌာနခွဲသို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများမှ လေယာဉ်ဆီသယ်ယူပို့ဆောင်မှုနှင့် ဖြန့်ဖြူးပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ နေ့စဉ်ပြည်သူများ လိုက်ပါစီးနင်းလျက်ရှိသော လေယာဉ်များတွင် အသုံးပြုနေသော လေယာဉ်ဆီများဖြည့်တင်းရာ၌ အန္တရာယ်ကင်းရှင်းရေး၊ လေယာဉ်ဆီများ စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး၊ အသုံးပြုသည့်ယာဉ်ယန္တရားများ ကြံ့ခိုင်မှုရှိစေရေး နှင့် စနစ်တကျ ကိုင်တွယ်အသုံးပြုရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။

၎င်းနောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ စစ်တွေမြို့ ၆၆/၁၁ ကေဗွီ၊ ၂၀ အမ်ဗွီအေ ဓာတ်အားခွဲရုံသို့ရောက်ရှိပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားလက်ခံရရှိမှု၊ သုံးစွဲသည့်  ဝန်အားအခြေအနေ၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းဖြင့် ဖြန့်ဖြူးထားရှိမှု အခြေအနေတို့အား တာဝန် ရှိသူများမှ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ စစ်တွေမြို့အတွင်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိရေး၊ ဗို့အားမှန်ကန်မှုရှိစေရေး၊ ပြည်သူများလျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရေးအတွက် ဂရုပြုဆောင်ရွက်ရေးနှင့် ထပ်မံတိုးတက်သုံးစွဲလာမည့် ဝန်အား အခြေအနေများကိုတွက်ဆ၍ Development Plan များ ရေးဆွဲခြင်း၊ လက်ရှိခွဲရုံမှ ထပ်မံ သုံးစွဲလာမည့် ဝန်အားအခြေအနေတို့ကြောင့် ခွဲရုံ Extension တိုးချဲ့နိုင်ရေးတို့အား ကြိုတင် ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံ Switch Yard အတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
02-Apr-2018