နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃ ရက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များ၌ (၃၁-၃-၂၀၁၈) ရက်နေ့၊ (၁၇:၄၀)နာရီအချိန်ခန့်တွင် လေပြင်းများ ရုတ်တရက်တိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်များလဲကျခြင်း၊ ဓာတ်တိုင်အချို့ လဲကျခြင်းများဖြစ်ပေါ်၍ ပြည်ထောင်စု နယ်မြေအတွင်း ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ အမှတ်(၁)၊ အမှတ်(၃)၊ အမှတ်(၆)၊ အမှတ်(၈) ဓာတ်အားခွဲရုံနှင့် ပျဉ်းမနားမြို့နယ်ရှိ ခွဲရုံများ၏ ၃၃ ကေဗွီ နှင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း များ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။
အဆိုပါဓာတ်အားလိုင်းများအပေါ် သစ်ပင်လဲကျမှုများ၊ ဓာတ်တိုင်များလဲကျမှုများ ဖြစ်ပေါ် ခဲ့၍ ဓာတ်အားပြတ်တောက်ခဲ့သည့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ကုတင် ၁၀၀၀) အတွင်း ဓာတ်အားပြန်လည်ရရှိမှုအခြေအနေများ၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပညာသိဒ္ဓိရပ်ကွက်၊ ဘောဂသိဒ္ဓိ ရပ်ကွက်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ ဗလသိဒ္ဓိရပ်ကွက် စသည့်နေရာများတွင် ဓာတ်တိုင်များအစားထိုးခြင်း၊ ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ခြင်း၊ ဓာတ်အားလိုင်းအပေါ် သစ်ပင်ကျိုးကျမှုများအား ရှင်းလင်းခြင်းနှင့် လျှပ်စစ်ဓာတ်အားအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် (၃-၄-၂၀၁၈) ရက်နေ့တွင် လှည့်လည်ကြည့်ရှုစစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။