၂၀၁၈ ခုနှစ်၊ ဧပြီလ (၉) ရက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်းစိန်မြို့နယ်တွင် ပြည်သူများ လျှပ်စစ်ဓာတ်အားကောင်း မွန်စွာ သုံးစွဲနိုင်ရေး၊ ဗို့အားကျဆင်းမှုမရှိစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် ဥက္ကဌ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်လှလှစိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များအပါအဝင် တာဝန်ရှိသူများလိုက်ပါလျက် ၉-၄-၂၀၁၈ ရက်နေ့တွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် အတွင်းရှိ မြောက်ပိုင်းခရိုင်ရုံးခွဲရုံသို့ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
လက်ရှိတွင် အဆိုပါ ၆၆/ ၆.၆ ကေဗွီ ၂၀ အမ်ဗွီအေ မြောက်ပိုင်းခရိုင်ရုံးခွဲရုံမှ အင်းစိန် မြို့နယ်အတွင်းသို့ ဓာတ်အားဖြန့်ဖြူးထားရှိပြီး ဓာတ်အားပို့လွှတ်သုံးစွဲနေမှုအခြေအနေ၊ ထပ်မံ တိုးတက်သုံးစွဲလာမည့် အခြေအနေများအား စစ်ဆေးခြင်းတို့အပြင် အင်းစိန်မြို့နယ် ဒညင်းကုန်း ရပ်ကွက် ရွာလယ်လမ်းနှင့် ရွာမအနောက်ရပ်ကွက် ချမ်းမြေ့လမ်းတို့တွင် ဓာတ်အားသုံးစွဲနေသည့် ပြည်သူများ ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး အတွက် ရှုပ်ထွေးဆားဗစ်ကြိုးများ ရှင်းလင်းနေမှုအခြေအနေတို့အား စစ်ဆေးကြည့်ရှုခဲ့ပါသည်။
ထို့အပြင် အင်းစိန်မြို့နယ်၏ လက်ရှိဗို့အားအခြေအနေနှင့် ရပ်ကွက်နေပြည်သူများ ဓာတ်အား သုံးစွဲမှုအခြေအနေများကိုစစ်ဆေး၍ ဗို့အားအတက်အကျဖြစ်ပွားမှုအား ထိန်းညှိဆောင်ရွက် ပေးခြင်းများကို ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။