The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

အမှောင်ခွင်း၍ ပြည့်ဝင်ငွေတိုးစေမည့် လျှပ်စစ်နှင့်စွမ်းအင်

           

         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် စက်မှုလက်မှုလုပ်ငန်းများနှင့် ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းဖြန့်ဖြူးပေးနိုင်ရေး၊ နိုင်ငံတော်ဓာတ်အားစနစ် တည်ငြိမ်ရေးနှင့် ဗို့အားပြည့်ဝစွာ ဖြန့်ဖြူးနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်း များနှင့် ဓာတ်အားခွဲရုံများကို ဆောင်ရွက်အကောင်အထည်ဖော်ခြင်း၊ ပြည်သူများ လျှပ်စစ် ဓာတ်အားကို သက်သာစွာဖြင့် အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်ခြင်းနှင့် နိုင်ငံအတွက် ဘဏ္ဍာ ငွေတိုးပွားစေမည့် စွမ်းအင်ထုတ်လုပ်ရေးနှင့် ရောင်းချရေး လုပ်ငန်းများ၊ ဖြန့်ဖြူးရေးနှင့် သွယ်ယူရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ဒုတိယ(၁)နှစ်တာအတွင်း ဆောင်ရွက်ပေးလျက် ရှိပါသည်။

သုံးနှစ်အတွင်း ဓာတ်အားတစ်ဆရှာဖွေရ

         ပြည်သူလူထုအတွက် အရည်အသွေး ပြည့်ဝပြီး ဝန်ဆောင်မှုကောင်းသည့် လျှပ်စစ် ဖြန့်ဖြူးမှု ဖြစ်ရန်လိုအပ်ပြီး ခန့်မှန်းတွက်ချက်မှုအရ လာမည့် ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်တွင် မဂ္ဂါဝပ် ၆ဝဝဝ ခန့် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိထုတ်လုပ် နိုင်မှုမှာ ၃ဝဝဝ မဂ္ဂါဝပ်ကျော်သာရှိသဖြင့် နောက်ထပ် ၃ဝဝဝ မဂ္ဂါဝပ်ခန့်ရရှိရန် လိုအပ်နေခြင်းကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဝန်ကြီးဌာနက ကြိုးပမ်းလျက်ရှိသည်။''ကျွန်တော်တို့ဝန်ကြီးဌာနဟာ နှစ်ပေါင်း ၆ဝ ကျော် လျှပ်စစ်ဓာတ်အား လိုအပ်မှု အခက်အခဲတွေကို ဖြေရှင်းဆောင်ရွက်နေ ပါတယ်။ ပြည်သူလူထု မျှော်လင့်နေတဲ့ လျှပ်စစ်ဓာတ်အားရရှိရေး Supply Chain အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။ ယနေ့ နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုက အမြင့်ဆုံး ၃၂ဝဝ မဂ္ဂါဝပ်ရှိနေပြီး ပျမ်းမျှ ပုံမှန် သုံးစွဲမှုမှာ ၁၅ဝဝ မဂ္ဂါဝပ် သုံးစွဲနေပါတယ်။ နည်းပညာအရ Technical နဲ့ Non-Technical Losses အနေနဲ့က ၁၇ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီLosses တွေကိုလျော့နည်း ကျဆင်းအောင် ကြိုးစားဆောင်ရွက်နေပါတယ်'' ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောကြား သည်။

ဓာတ်အားထုတ်လုပ်မှု တိုးတက်လာ

         ဓာတ်အားထုတ်လုပ်မှုကဏ္ဍတွင် ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ်အထိ နိုင်ငံအတွင်း၌ ဓာတ်အားပေးစက်ရုံ အရေအတွက်မှာ ၄၆ ရုံခန့် ရှိခဲ့သည်။ တပ်ဆင်သည့် အင်အားမှာ ၄၉၅၄ ဒသမ ၁ မဂ္ဂါဝပ် ရှိခဲ့သည်။ သို့သော် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ဓာတ်အားပေး စက်ရုံအရေအတွက်မှာ ၅၂ ရုံအထိ ရှိလာခဲ့ပြီး တပ်ဆင်အင်အားမှာ ၅၇ဝ၄ ဒသမ ၉ မဂ္ဂါဝပ်အထိ ရောက်ရှိတပ်ဆင်ပေး နိုင်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

         နိုင်ငံတော်အစိုးရ၏ နှစ်နှစ်တာ တာဝန်ယူစဉ်ကာလအတွင်း သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံ (၅) ရုံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁) ရုံ စုစုပေါင်းဓာတ်အားပေးစက်ရုံ (၆) ရုံတို့မှ ၇၅ဝ မဂ္ဂါဝပ်အထိ တိုးတက်ဆောင်ရွက်ထားနိုင်ခဲ့ပြီးဖြစ်သည်။ ဓာတ်အားပို့လွှတ်ရေး အပိုင်း တွင်လည်း ''ဓာတ်အားကို တစ်နိုင်ငံလုံး ဖြန့်ဖြူးပေးနေတဲ့နေရာမှာ ၂၃ဝ၊ ၁၃၂၊ ၆၆ ကေဗွီ ဓာတ်အားလိုင်းတွေနဲ့ ပို့လွှတ်ဖြန့်ဖြူးနေတာ ဖြစ်ပါတယ်။

         ဓာတ်အားလိုင်းတွေကို အစိုးရရဲ့ နှစ်နှစ်တာကာလအတွင်းမှာ အရေအတွက်အားဖြင့် ၃၁ လိုင်းနဲ့ မိုင်အားဖြင့် ၁၅၉၈ မိုင်၊ ခွဲရုံတွေအနေနဲ့ ၁၂၇ ရုံ ၂၃၇၈ အမ်ဗွီအေ ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့ပါ တယ်''ဟု ပြည်ထောင်စုဝန်ကြီးက ရှင်းပြသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ လျှပ်စစ်ဓာတ်အား ဖြန့်ကြက်နိုင်

         ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ၂၃ဝ/၆၆/၁၁ ကေဗွီ၊ ၁ဝဝ အမ်ဗွီအေ ဓာတ်အားခွဲရုံမှ တစ်ဆင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့ နိုင်ငံတော်ဓာတ်အား စနစ်မှ ဓာတ်အားများပေးအပ်နိုင်ရန်လည်း ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလတွင် ပုဏ္ဏားကျွန်းဓာတ်အားခွဲရုံ တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သည်။

         ဆက်လက်၍ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ရသေ့တောင်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းမှာ ပြီးစီးပြီဖြစ်ပြီးလာမည့် ဇွန်လကုန်တွင် ဘူးသီးတောင်ဓာတ်အားခွဲရုံနှင့် ဒီဇင်ဘာလတွင် မောင်တောဓာတ်အားခွဲရုံများ အပြီးသတ်တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ ယင်းတည်ဆောက်ရေး လုပ်ငန်းများဖြစ်သည့် ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်- မောင်တောဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းအတွက် နိုင်ငံတော်ဘတ်ဂျက် ခွင့်ပြုငွေ ငွေကျပ် သန်းပေါင်း ၄ဝ၅ဝ ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများအတွက် လက်ရှိတွင် စရိတ်ငွေ ကျပ်သန်း ၃ဝ၃၅၅ ဒသမ ၃၆ သန်း ကုန်ကျခံ တည်ဆောက်လျက်ရှိသည်။

တစ်နိုင်ငံလုံးဓာတ်အားပြည့်ဝရေး ဆောင်ရွက်

         လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသည် ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝ စွာရရှိရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးတို့အတွက် ကြိုးပမ်းဆောင် ရွက်လျက်ရှိသည်။

         လျှပ်စစ်ဓာတ်အား အများဆုံးသုံးစွဲရာ ရန်ကုန်တိုင်းဒေသကြီး၌ ၂ဝ၁၇ ခုနှစ်နှင့် ၂ဝ၁၈ ခုနှစ်တို့အတွင်းဓာတ်အားပြတ်တောက်မှု လျော့နည်းရေး၊ ဗို့အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ခဲ့ရာ မရမ်းကုန်း မြို့နယ်ရှိ စိန်ပန်းမြိုင်ဓာတ်အားခွဲရုံ၊ ကမာရွတ်မြို့နယ် ရှိ ဦးဝိစာရဓာတ်အားခွဲရုံများကို အဆင့်မြှင့် ခြင်း၊ တောင်ကမ္ဘာအေး ဓာတ်အားခွဲရုံအား ၆၆ ကေဗွီဓာတ်အားခွဲရုံအဖြစ် တိုးမြှင့် တည်ဆောက် ခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့သည်။ ပြုပြင်ဆောင်ရွက်မှုများကြောင့် ရန်ကုန်မြို့တွင် လျှပ်စစ် ဓာတ်အား ဗို့အားပြည့်ဝသည့်အပြင် ပြတ်တောက်ချိန် လျော့နည်းလာခြင်း၊ ဝန်အားနိုင်နင်းစွာ အသုံးပြုနိုင်ခြင်းနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းသွားခြင်းများကြောင့် အကျိုးကျေးဇူးများ ရရှိလာကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။

         ရန်ကုန်တိုင်းဒေသကြီးအပြင် မြန်မာနိုင်ငံ အနှံ့ မြို့နယ်များစွာတွင် ဓာတ်အားပိုမိုဖြန့်ဖြူး နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး အစိုးရ၏ နှစ်နှစ်တာအတွင်း ၃၃ ကေဗွီ၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းစုစုပေါင်း ၆၄၅၃ မိုင်နှင့် ခွဲရုံများသည် ၃၄၉၉ အမ်ဗွီအေအထိဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။ ကျေးရွာ ၂၇၁၈ ရွာတို့မှ အိမ်ထောင်စုပေါင်း ၇ဝ၆ဝ၉၇ စုမှာ နှစ်နှစ်တာအတွင်း လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရရှိခဲ့ပြီး ဓာတ်အားဖြန့်ဖြူးရေးလိုင်းများ၏ ဓာတ်အားပျောက်ဆုံးမှုကိုလည်း နှစ်နှစ်တာအတွင်း ၃ ရာခိုင်နှုန်းခန့် လျှော့ချ နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မီတာလေးမျိုး ကြိုက်သလောက်သုံးကျသလောက်ပေး

         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများ လျှပ်စစ်ဓာတ်အားကို မျှတသည့် နှုန်းထားများဖြင့် သုံးစွဲနိုင်ရေးအတွက် မီတာ (၄) မျိုးတပ်ဆင်မည့် စနစ်သစ်ကို ယခုနှစ် ဧပြီလ တွင် စတင်ကျင့်သုံးနိုင်ခြင်းသည်လည်း လျှပ်စစ်ကဏ္ဍ၏ ကောင်းမွန်သည့် အလှည့် အပြောင်း တစ်ခုအဖြစ် ပြည်သူ့အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

         ''လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ ကျင့်သုံးတဲ့ မီတာစနစ်က ဘယ်နေရာမှာသုံးသုံး မီတာစနစ်တစ်မျိုးတည်းကို သုံးရပါတယ်။ လျှပ်စစ်ကို များများသုံးတဲ့ နေရာတွေ၊ လိုအပ်တဲ့ နေရာတွေမှာတော့ ပြဿနာ မရှိပါဘူး။ လျှပ်စစ်ဓာတ်အားကို လိုအပ်သလောက်ပဲ ရယူဖို့သင့်တဲ့ နေရာ တွေမှာတော့ မလိုလားအပ်တဲ့ ငွေကြေးကုန်ကျစရိတ်တွေရှိနေပါတယ်။ ကျွန်တော် တာဝန်ယူပြီး တဲ့နောက် မီတာလေးမျိုးစနစ်ကို စတင်အကောင်အထည် ဖော်ခဲ့ပါတယ်။ ဘာဖြစ်လို့ ဒီစနစ်ကို အမြန်ဆုံးဆောင်ရွက်ရသလဲဆိုရင် ကျွန်တော်တို့နိုင်ငံမှာ လျှပ်စစ်ကို စပြီးအသုံးပြုမယ့် သူဟာ နိုင်ငံ့လူဦးရေရဲ့၆ဝ ရာခိုင်နှုန်း ကျန်ရှိနေသေးလို့ ဖြစ်ပါတယ်။ ဒါကို လုံးဝမေ့ထား လို့မရဘဲ သူတို့အတွက် ဦးစားပေးပြီး စဉ်းစားဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ မီတာလေးမျိုးတွင် ကျေးလက်မီတာ၊ မြို့ငယ်များအတွက် မီတာ၊ ပုံမှန်မီတာနှင့် စက်မှုလက်မှုသုံးမီတာများအဖြစ် ခွဲခြားထားခြင်းဖြစ်သည်။ လျှပ်စစ်မီးသုံးစွဲသူများအတွက် မီတာ အမျိုးအစားလေးမျိုးမှ ကြိုက်နှစ်သက်ရာ ရွေးချယ်သုံးစွဲနိုင်ပြီး ကြိုက်သလောက်သုံး ကျသလောက် ပေးစနစ်ဖြစ်ကာ လိုအပ် သလောက် ချင့်ချိန်သုံးစွဲနိုင်ပြီဖြစ်သည်။

         ''ဒီစနစ်က အစိုးရကနေ ပြည်သူတွေ ကို လျှပ်စစ်မီးသုံးစွဲမှုပိုပြီးစနစ်ကျအောင် ဆောင်ရွက်ပေးတာ။ အတိုင်းအထွာနဲ့ သုံးတတ်လာပြီး မီးချွေတာတတ်အောင် အစိုးရကနေ ပြည်သူကို လေ့ကျင့်ပေး တဲ့စနစ် ဖြစ်တယ်။ အရင်လို တစ်အိမ်လုံး အကြိုက် သုံးရင် သုံးသလောက် မီတာခတိုးပေးရ မှာဖြစ်ပြီး လိုအပ်သလောက် ချွေတာရင်မီတာခလည်း သက်သာမယ်''ဟု မီတာ လေးမျိုးနှင့် ပတ်သက်၍ လျှပ်စစ်ကျွမ်းကျင်သူ တစ်ဦးက တွက်ချက်ပြသည်။

စီအင်န်ဂျီနဲ့ ရေနံဓာတ်ငွေ့ရည်ထုတ်လုပ်

         စီအင်န်ဂျီထုတ်လုပ်ဖြန့်ဖြူးမှုတွင် ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာနှစ်က၆၆၆၆ ဒသမ ၇၁ ကုဗ ပေသန်း ထုတ်လုပ်နိုင်ခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ၇ဝ၂၄ ဒသမ ၇၆ ကုဗပေသန်း ထုတ်လုပ်နိုင်ခဲ့ သည်။ ရေနံဓာတ်ငွေ့ရည် ထုတ်လုပ်မှုတွင် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တွင် ၇၈၆၆ ဒသမ ၉၅ မက်ထရစ်တန်နှင့် ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်တွင် ၇၁၂၃ ဒသမ ၁၂ မက်ထရစ်တန် ထုတ်လုပ်နိုင် ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်ကဏ္ဍနှင့်အနာဂတ်မျှော်မှန်းချက်

         လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ မူဝါဒများနှင့် အညီ သုံးနှစ် အတွင်း နောက်ထပ် မဂ္ဂါဝပ် ၃ဝဝဝ ခန့် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်သည်။ ပြည်တွင်း CNG ထုတ်လုပ်မှုသည် ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်တွင် ကျဆင်းလာနိုင်သဖြင့် ၎င်းတို့ ပြန်လည် ဖြည့်ဆည်းရန် LNG တင်သွင်း၍ သင့်လျော်သော ဈေးနှုန်းဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး နိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်း၊ ထို့ကြောင့် လုပ်ငန်းဆောင်ရွက်ခွင့်ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ အတွင်းLNG မှတစ်ဆင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီ လေးခုနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အားများ သယ်ယူနိုင်ရန်အတွက်လည်း အရပ်လေး မျက်နှာ ၅ဝဝ ကေဗွီ ဓာတ်အားလိုင်း ကွန်ရက်များ တိုးချဲ့၍ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသွားရန် ရည်ရွယ်ထားကြောင်း၊လျှပ်စစ်ကဏ္ဍသည် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်း ကြောင့် နည်းပညာအရ၊ ငွေကြေးအရ ယုံကြည်စိတ်ချ ရသည့်လုပ်ငန်းများအား ရွေးချယ်ရခြင်း ဖြစ်ပြီး လျှပ်စစ်ကဏ္ဍမြင့်မားမှသာနိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ အားကောင်းလာပြီး တိုင်းပြည်၏ လူမှုစီးပွားဘဝမြင့်မားလာရန် ရည်ရွယ် ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

         ''လုံလောက်တဲ့ လျှပ်စစ်ဓာတ်အားကို နိုင်ငံတကာအဆင့်မီ ဖြန့်ဖြူးနိုင်အောင် ကြိုးပမ်းနေပါတယ်။ ဒီလို ကြိုးပမ်းတဲ့နေရာမှာလည်း အစိုးရရော၊ လုပ်ငန်းတွေရော အားလုံးက ဝန်ဆောင်မှုကောင်းဖို့ကိုလည်း အလေးထားဆောင်ရွက်နေပါတယ်။ အဓိက ကတော့ အရည်အသွေး ပိုင်းရော ဝန်ဆောင်မှုပိုင်းကိုပါ လုပ်ဆောင်ပေးသွားဖို့ ရည်ရွယ်ထားတယ်''ဟု ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။ ကမ်းလွန်လုပ်ကွက်သစ်များဖော်ဆောင်မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကမ်းလွန်တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ရာ အစိုးရလက်ထက် နှစ်နှစ်တာအတွင်း လုပ်ကွက်သစ် ခြောက်ခုနှင့် ဖွံ့ဖြိုးရေးတွင်း ၅၁ တွင်းကို ဖော်ထုတ်နိုင်ခဲ့သည်။ ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များမှသဘာဝ ဓာတ်ငွေ့ထုတ်လုပ်နိုင်မှု သည် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ၆၅၂၈ဝ၇ ကုဗပေသန်းနှင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ၆၄၄၇၆၁ ကုဗပေသန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

         ရတနာစီမံကိန်းသည် ၂ဝ၂၁ ခုနှစ်တွင် ပြီးဆုံးပြီး သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု လျော့နည်းလာတော့မည်ဖြစ်ရာ ကမ်းလွန်လုပ်ကွက် A-6 မှ သဘာဝဓာတ်ငွေ့များကို ငါးနှစ်အတွင်း အမြန်ဆုံးထုတ်ယူသုံးစွဲနိုင်ရန် စီမံလျက်ရှိပြီး ဝန်ကြီးဌာနနှင့် စီးပွားရေး လုပ်ငန်းများ အကျိုးတူပူးပေါင်းကာ ဆောင်ရွက်လျက်ရှိသည်။ ယင်းတို့တွင် ၂ဝ၁၆ ခုနှစ် အတွင်း ရွှေရည်ထွန်း-၁၊ ၂ဝ၁၇ ခုနှစ်အတွင်း ပြည်သစ်-၁ နှင့် ပြည်သာယာ-၁ တို့ကို တူးဖော်နိုင်ခဲ့ပြီး၂ဝ၂၃ ခုနှစ်တွင် ထုတ်လုပ် နိုင်မည်ဟု ခန့်မှန်းထားကြောင်း မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှသိရှိရသည်။

         ကမ်းလွန်လုပ်ကွက် AD-7 အတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေရာ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ တွင် သလင်း-၁(က)၊ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ တွင် သလင်း-၁(ခ)၊ မေလတွင် သလင်း-၂နှင့် သြဂုတ်လတွင် ခရမ်းစွဲတွင်းတို့ကို တူးဖော်နိုင်ခဲ့သည်။ ဆက်လက်ပြီး သဘာဝဓာတ်ငွေ့ ခိုအောင်းတည်ရှိမှုများ တွေ့ရှိရသဖြင့် ထပ်မံ တူးဖော်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။

ကုန်းတွင်းလုပ်ကွက်များတိုးချဲ့

         ''ကုန်းတွင်း လုပ်ကွက်တွေဆိုရင် လုပ်ကွက်အသစ်လေးခုနဲ့ ဖွံ့ဖြိုးရေးတွင်း ၄၈ တွင်းကို နှစ်နှစ်တာအတွင်းမှာ ဖော်ဆောင်နိုင်ခဲ့တယ်''ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

         မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှဓာတ်ငွေ့များ ထုတ်လုပ်နေသည့် နေရာ ၁၂ ခုရှိပြီး ယင်းတို့မှ တစ်နေ့လျှင် ပျမ်းမျှ ရေနံ စည် ၆၄ဝဝ နှင့် သဘာဝဓာတ်ငွေ့ ၅ဝ ကုဗပေသန်းခန့် ထုတ်လုပ်လျက်ရှိသည်။ ရှာဖွေရေးတွင်းများ တူးဖော်ရန် ဆိုက်စမစ်တိုင်းတာခြင်း လုပ်ငန်းများကို မြိုင်ဒေသ၊ ဘိုကလေးနှင့် လပွတ္တာဒေသများတွင် ဆောင်ရွက်လျက်ရှိသည်။ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း မြိုင်ဒေသတွင် ရှာဖွေရေး တွင်းသစ်တစ်တွင်း တူးဖော်မည်ဖြစ်ကြောင်း သိရှိရပြီး အဓိကအားဖြင့် ပုံတောင်နှင့် တဗျင်း ကျောက်စဉ်စုသဲကြောများမှ သဘာဝဓာတ်ငွေ့များ ထုတ်ယူရန် ရည်ရွယ်ထားသည်။ ထိုနေရာများမှ သဘာဝဓာတ်ငွေ့ ကုဗပေသန်း သုံးသန်းမှ ငါးသန်းအထိ ထွက်ရှိမည်ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ခန့်မှန်းထားသည်။

         ''၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှာ ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများမှာ ဖွံ့ဖြိုးရေးတွင်း ၁၇ တွင်း တူးဖော်နိုင်ဖို့ လျာထားပါတယ်၊ ပုထိုးလုံဒေသ၊ ကျောက်ခွက်ရေနံမြေ၊ လက်ပံတိုရေနံမြေ၊ ထောက်ရှာပင်ရေနံမြေ၊ မြန်အောင်ရေနံမြေနဲ့ မအူပင်သဘာဝဓာတ် ငွေ့မြေတွေအတွင်းမှာ ဖြစ်ပါတယ်၊ ဖွံ့ဖြိုးရေး တွင်းသစ်တွေကနေလည်း တစ်နေ့ကို ရေနံစည် ၂၈ဝ ကနေ စည် ၅၇ဝ နဲ့ သဘာဝဓာတ်ငွေ့ ၁၅ သန်းကနေ ၂၂ သန်း တိုးတက်ထုတ်လုပ် နိုင်မယ်လို့ ခန့်မှန်းထားတယ်''ဟု ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

နိုင်ငံခြားရေနံကုမ္ပဏီများနှင့်ပူးပေါင်း

         နိုင်ငံခြားရေနံကုမ္ပဏီများနှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ ပူးပေါင်းမှုဖြင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း ရေနံချောင်းနှင့် ချောက်ရေနံမြေတို့တွင် တွင်းသစ် ၁၅ တွင်းကို လည်းကောင်း၊ သဲကြောများအား ရေသွင်းကာ ရေနံပိုမို ထုတ်လုပ်ရေးစီမံကိန်းကို လည်းကောင်း၊ မန်းရေနံမြေတွင် တွင်းသစ်တစ်တွင်းကို လည်းကောင်း၊Greenzyme Treatmentငါးတွင်းကို လည်းကောင်း၊ ရွှေပြည်သာ ရေနံမြေတွင် ရေနံတွင်းသစ် နှစ်တွင်းကို လည်းကောင်းတူးဖော်ရန် လျာထားဆောင် ရွက်လျက်ရှိသည်။မြန်မာနှစ်သစ်နဲ့ အပြောင်းအလဲတစ်ရပ်''ဒီနှစ်ဟာ ကျွန်တော်တို့အတွက် တကယ့်ပြောင်း လဲမှု တစ်ရပ်ကို ဖော်ဆောင် နိုင်မယ့်ကာလ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံဟာ လက်ရှိမှာ မဂ္ဂါဝပ် ၃ဝဝဝ ထုတ်လုပ်တဲ့ တိုင်းပြည်အဖြစ်ကနေ နောက်လာမယ့် သုံးနှစ်အတွင်းမှာနောက်ထပ် ၃ဝဝဝ မဂ္ဂါဝပ် ထပ်ဆောင်းပြီး လျှပ်စစ်ဓာတ်အားကို ထုတ်ပေးဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီလို ထုတ်ပေးပြီးတော့ Supply Side မှာ နိုင်နင်း သွားပြီဆိုရင်ပထမဆုံးအကြိမ် ကိုယ့်နိုင်ငံ ကို လျှပ်စစ်ဓာတ်အား အပိုအလျှံနဲ့ အရန် လျှပ်စစ်ဓာတ်အားတွေ ရရှိတဲ့ အချိန်တစ်ခု ရောက်အောင် ကျွန်တော်တို့ ကြိုးပမ်းသွားမယ်။ မြန်မာပြည်မှာရှိတဲ့ လျှပ်စစ်နဲ့ပတ်သက်တဲ့ ကြာရှည်စွာ ခံစားနေကြရတဲ့ ဒုက္ခ တွေကို သုံးနှစ်အတွင်း ဖြေရှင်းပေးမယ့် အစိုးရရဲ့မူဝါဒကို အပြည့်အဝ အကောင်အထည် ဖော်ပါမယ်။ ဒါကလည်း ပြည်သူလူထုတွေ အခုအချိန်မှာ ကြုံတွေ့နေရတဲ့ လျှပ်စစ်မီး ရလိုက်၊ ပြတ်လိုက်၊ ရတဲ့အခါလည်း ဓာတ်အားမပြည့်ဝ စတဲ့အဆင်မပြေမှုတွေ၊ ဒုက္ခတွေကို အမြန်ဆုံး ကျော်လွှားနိုင်ဖို့ ကြိုးပမ်းနေခြင်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာလျှပ်စစ်နဲ့ပတ်သက်ပြီး ဒုက္ခတွေကို သုခ အဖြစ်ပြောင်းအောင်ဆောင်ရွက်ဖို့ ကြိုးပမ်း နေသလို စွမ်းအင်ကဏ္ဍမှာလည်း နိုင်ငံခြား ဝင်ငွေ တိုးပွားခြင်း၊ ပြည်တွင်း လိုအပ်ချက်ကို ဖြည့်တင်းခြင်းတို့တွေ ဆက်တိုက်ပြုလုပ် သွားမယ်''ဟု ပြည်ထောင်စုဝန်ကြီးက အနာဂတ်စီမံကိန်း များအကြောင်းကို ပြောကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
03-May-2018